သြစတြေးလျတွင် အသက် ၁၆ နှစ်အောက် ဆယ်ကျော်သက်များကို ဆိုရှယ်မီဒီယာအသုံးပြုခွင့်တားမြစ်မိန့် စတင်အသက်ဝင်တော့မည်ဖြစ်ပြီး ထိုအသက်အပိုင်းအခြားအောက် ဆယ်ကျော်သက်များ၏ Instagram ၊ Facebook နှင့် Threads အကောင့်များကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း Meta ကုမ္ပဏီက စာပို့အကြောင်းကြားမှုများ ပြုလုပ်လျက်ရှိသည်။
အသက် ၁၃ နှစ်မှ ၁၅ နှစ်ကြားဟု ယူဆရသည့် ဆယ်ကျော်သက်များကို ဒီဇင်ဘာ ၄ ရက်မှစတင်၍ ၎င်းတို့၏ အကောင့်များကို ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း စာတို၊ အီးမေးလ်နှင့် အက်ပ်အတွင်း မက်ဆေ့ချ်များဖြင့် အကြောင်းကြားမှုများ စတင်နေပြီဟု Meta ကပြောသည်။
ဆိုရှယ်မီဒီယာအသုံးပြုခွင့် အသက်ကန့်သတ်သည့် ယင်းစီမံချက်က ဒီဇင်ဘာ ၁၀ ရက်တွင် အသက်ဝင်မည်ဖြစ်ပြီး TikTok၊ YouTube၊ X၊ Reddit၊ Kick နှင့် Snapchat တို့လည်း သက်ရောက်မှုရှိမည်။
ဩစတြေးလျဝန်ကြီးချုပ် အန်သနီ အယ်လ်ဘန်နီးစ်က ယင်းသို့ပိတ်ပင်မှုသည် “ကလေးများကို ကလေးကဲ့သို့ နေထိုင်စေရန်” ရည်ရွယ်သည်ဟု ပြောကြားခဲ့သည်။ Meta နှင့် အခြားကုမ္ပဏီများက ယင်းစီမံချက်ကို သဘောမကျသော်လည်း လိုက်နာမည်ဟုဆိုသည်။
သြစတြေးလျတွင် Facebook သုံးစွဲသူ ၁၅၀၀၀၀ နှင့် Instagram သုံးစွဲသူ ၃၅၀၀၀၀ ခန့်က အသက် ၁၃ နှစ်မှ ၁၅ နှစ်ကြားဟု ခန့်မှန်းထားသည်။
ဒီဇင်ဘာ ၄ ရက်မှစ၍ အသက် ၁၆ နှစ်အောက်ကလေးများက Meta ၏ ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် အကောင့်များ ဖွင့်နိုင်တော့မည်မဟုတ်ပေ။
Instagram ၊ Facebook နှင့် Threads တို့ အသုံးပြုနိုင်သော အသက်အပိုင်းအခြားရောက်နေပြီဆိုသည့် ဆယ်ကျော်သက်များက ဆယ်လ်ဖီဗီဒီယိုရိုက်ခြင်းဖြင့် မျက်နှာကြည့်ပြီးအသက်စစ်ဆေးပေးနိုင်သည်ဟု Meta က ပြောသည်။သို့မဟုတ် ယာဉ်မောင်းလိုင်စင်ဖြစ်စေ၊ အစိုးရမှထုတ်ပေးသည့် အခြားအိုင်ဒီကတ်များဖြစ်စေ ပေးပို့နိုင်သည်။
အစိုးရ၏ညွှန်ကြားချက်အတိုင်း လိုက်နာရန်ပျက်ကွက်သည့် ဆိုရှယ်မီဒီယာများက ဒဏ်ကြေးငွေ ဩစတြေးလျဒေါ်လာသန်း ၅၀ ပေးဆောင်ရဖွယ်ရှိသည်။















