အာဆင်နယ်နောက်ခံလူ ဂါဘရီယဲလ် ဇန်နဝါရီလအထိ အနားယူရဖွယ်ရှိ

အာဆင်နယ်နောက်ခံလူ ဂါဘရီယဲလ် ဇန်နဝါရီလအထိ အနားယူရဖွယ်ရှိ
Photo: X
Photo: X
Published 19 November 2025

အာဆင်နယ်အသင်းရဲ့ ဘရာဇီးလ်နောက်ခံလူ ဂါဘရီယဲလ်ဟာ ကြွက်သားဒဏ်ရာကြောင့် ဇန်နဝါရီလအထိ အနားယူရဖွယ်ရှိကြောင်း သိရပါတယ်။

ဂါဘရီယဲလ်ဟာ ဘရာဇီးလ်နဲ့ ဆီနီဂေါတို့ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲမှာ ကြွက်သားဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး အစောပိုင်းတုန်းက ရက်သတ္တပတ် အနည်းငယ်သာ အနားယူရမယ်လို့ ယူဆခဲ့ပေမဲ့ စမ်းသပ်စစ်ဆေးမှုတွေအရ အနည်းဆုံးတစ်လကနေ နှစ်လဝန်းကျင်အထိ အနားယူရဖွယ်ရှိကြောင်း သိရပါတယ်။

ဒါကြောင့် ဇန်နဝါရီအထိ အနားယူရဖွယ်ရှိနေခြင်းဖြစ်ပြီး ပွဲကျပ်တွေ ဆက်တိုက်ရင်ဆိုင်ရမယ့် အာဆင်နယ်အသင်းအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဂါဘရီယဲလ်ဟာ ပြင်သစ်နောက်ခံလူ ဆာလီဘာနဲ့အတူ အာဆင်နယ်အသင်းရဲ့ ခံစစ်ပိုင်းမှာ အကောင်းဆုံးခြေစွမ်းပြနေသူဖြစ်ပြီး ဒီရာသီပြိုင်ပွဲစုံမှာ ပေးဂိုး(၅)ဂိုးသာရှိအောင် စွမ်းဆောင်ထားတာပါ။

အာဆင်နယ်အသင်းဟာ အခုတစ်ပတ် ပရီးမီးယားလိဂ်မှာ ဒါဘီပြိုင်ဘက် စပါးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး လာမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်၊ ရှေ့တစ်ပတ် ပရီးမီးယားလိဂ်မှာ ဒါဘီပြိုင်ဘက် ချယ်လ်ဆီးနဲ့ ဆက်လက်ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

အာဆင်နယ်အသင်းမှာ ဂါဘရီယဲလ်နေရာ အစားဝင်ဖို့ စပိန်နောက်ခံလူ မော့စ်ကွီရာနဲ့ အီကွေဒေါနောက်ခံလူ ဟင်ကာပီတို့ ရှိနေကြောင်း သိရပါတယ်။

Most Read

Most Recent