ကိုရီးယားရောက် မြန်မာနိုင်ငံသားများ ဗီဇာလျှောက်ထားရာ၌ ကြန့်ကြာမှုမရှိစေရေးနှင့် လုပ်ငန်းခွင် ထိခိုက်မှုများအတွက် နစ်နာမှုမရှိစေရေး ကူညီဆောင်ရွက်ပေးသွားမည်ဟု တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်က ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံ အယ်ဆန်မြို့တွင် ပြုလုပ်သည့် ASEAN Trade Fair 2025 အခမ်းအနားသို့ တက်ရောက်လာသည့် မြန်မာသံအမတ်အား Eleven Media Group မှ " မြန်မာသံရုံးအနေနဲ့ တောင်ကိုရီးယားကို မြန်မာနိုင်ငံသားတွေအရေး ဘယ်လိုကူညီဆောင်ရွက်ပေးနေသလဲ" မေးမြန်းမှုအပေါ် သံအမတ် ဦးမျိုးမြင့်မောင်က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
"ဗီဇာကိစ္စတွေမှာလည်း သက်တမ်းတိုးတာ၊ ထောက်ခံချက်ပေးတာ၊ ငွေသွင်းတာ၊အခွန် ဆောင်တာ ဒီလုပ်ငန်းစဉ်တွေမှာလည်း အချိန်ကုန်၊ လူပင်ပန်းမှုသက်သာ၊ စနစ်တကျလည်းရှိ၊ လုပ်ထုံးလုပ်နည်းလည်း မှန်တဲ့ ဘယ်လိုနည်းလမ်းတွေ ဆောင်ရွက်ပေးနိုင်မလဲ ဆိုတာ စတင်စဉ်းစား လုပ်ဆောင်ပြီဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။
ထို့ပြင် လုပ်ငန်းခွင် ထိခိုက်နစ်နာမှုမရှိစေရေးနှင့် လူမှုရေးကိစ္စရပ်များ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံသားများ ရောက်ရှိအလုပ်လုပ်ကိုင်နေသော နေရာများသို့ သွားရောက်ပြီး သက်ဆိုင်ရာ စက်ရုံ၊အလုပ်ရုံများမှ အဖွဲ့အစည်းများနှင့် လိုအပ်သလို ထိတွေ့ဆက်ဆံသွားမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
"ထိခိုက်ဒဏ်ရာရတဲ့သူတွေ၊ မတော်တဆဖြစ်တဲ့ ကိစ္စတွေမှာလည်း အတတ်နိုင်ဆုံး ဖြေရှင်းပေးနိုင်အောင် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ပြီးရင် နေ့စဉ် လူမှုဘဝမှာ ကြုံတွေ့ရတဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပြီးရင် မတော်တဆ ဖြစ်စေ၊ တစ်ခုခုကြောင့် ဖြစ်စေ ဥပဒေဆိုင်ရာ ဖြေရှင်းရမယ့်ကိစ္စရပ်တွေမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေကို စုပေါင်းစနစ်နဲ့ ဘယ်လို စောင့်ရှောက်နိုင်မလဲ။ ငွေပို့ငွေလွှဲကိစ္စရပ်တွေ စနစ်တကျနဲ့ ခိုင်မာမှုရှိအောင် ဘယ်လိုလုပ်နိုင်သလဲ။ အလားတူပဲ ကျန်းမာရေးကိစ္စအပြင် ဥပဒေပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ရှိရင်ရော Law Firm ဟာမျိုးကို ဘယ်လိုလုပ်နိုင်မလဲဆိုတာ နည်းလမ်းရှာဖွေနေပါတယ်" ဟု ဦးမျိုးမြင့်မောင်က ပြောကြားသည်။
ထို့အပြင် ဆိုးလ်ရှိ မြန်မာသံရုံး၏ ဆောင်ရွက်ချက်၊ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ လိုအပ်ချက်၊ အားနည်းချက်များရှိပါက ထောက်ပြအကြံပေးရန်လည်း ၎င်းက မြန်မာနိုင်ငံသားများကို တိုက်တွန်းသည်။
တောင်ကိုရီးယားနိုင်ငံတွင် ပညာတော်သင်ကျောင်းသားကျောင်းသူများ၊ လာရောက်အလုပ်လုပ်ကိုင်ကြသူများနှင့် အခြားဗီဇာအမျိုးမျိုးဖြင့် ရောက်ရှိနေသူ ၅၀၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။















