ချယ်လ်ဆီးမှာ ကစားခွင့်ရဖို့က မိမိရဲ့အိပ်မက်ဖြစ်တယ်လို့ လီဗန်တေးတိုက်စစ်မှူး အီယွန်း ပြောကြား

ချယ်လ်ဆီးမှာ ကစားခွင့်ရဖို့က မိမိရဲ့အိပ်မက်ဖြစ်တယ်လို့ လီဗန်တေးတိုက်စစ်မှူး အီယွန်း ပြောကြား
Photo: X
Photo: X
Published 10 November 2025

လီဗန်တေးအသင်းရဲ့ ကင်မရွန်းတိုက်စစ်မှူး အီယွန်းက ချယ်လ်ဆီးအသင်းမှာ ကစားခွင့်ရဖို့က မိမိရဲ့အိပ်မက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အီယွန်း(၂၂ နှစ်)ဟာ ဒီနွေမှာမှ ဗီလာရီးယဲလ်ကနေ လီဗန်တေးကို (၄)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဒီရာသီမှာ ခြေစွမ်းပြနေတာကြောင့် လာလီဂါထိပ်သီးနှစ်သင်းဖြစ်တဲ့ ရီးယဲလ်နဲ့ ဘာစီလိုနာတို့က စောင့်ကြည့်နေကြောင်း သတင်းထွက်နေပါတယ်။

ဒါ့အပြင် ချယ်လ်ဆီး၊ မန်ယူ၊ အာဆင်နယ် စတဲ့ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေကလည်း အီယွန်းရဲ့ခြေစွမ်းကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ စေလွှတ်ထားကြောင်း စပိန်မီဒီယာတချို့က ဖော်ပြခဲ့ပါတယ်။

''ချယ်လ်ဆီးအသင်းက ကျွန်တော် အများဆုံးကြည့်ရှုပြီး ကြီးပြင်းလာခဲ့ရတဲ့ အင်္ဂလိပ်အသင်းပါ။ ဘာကြောင့်လဲဆိုတော့ ဒရော့ဘာကြောင့်ပါ။ ပြီးတော့ အီတူးလည်း ကစားခဲ့ပါတယ်။ ချယ်လ်ဆီးက အာဖရိကကစားသမားတွေကို ခေါ်လေ့ရှိတဲ့အသင်းပါ။ ကျွန်တော်လည်း ဘာကြောင့်မဖြစ်နိုင်ရမှာလဲ။ ချယ်လ်ဆီးမှာ ကစားဖို့က ကျွန်တော့်ရဲ့ အိပ်မက်တစ်ခုပါပဲ'' လို့ အီယွန်းက ပြောကြားခဲ့ပါတယ်။

အီယွန်းဟာ လီဗန်တေးအသင်းနဲ့ ယူရိုသန်း(၄၀)တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားကြောင်းလည်း သိရပါတယ်။

 

Most Read

Most Recent