■ လသာမြို့နယ်မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်​လောင်းအဖြစ် ဝင်​ရောက်ယှဥ်ပြိုင်မည့် ​ဒေါ်စန္ဒာမင်း မဲဆွယ်စည်းရုံးမှုပြုလုပ်

■ လသာမြို့နယ်မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်​လောင်းအဖြစ် ဝင်​ရောက်ယှဥ်ပြိုင်မည့် ​ဒေါ်စန္ဒာမင်း မဲဆွယ်စည်းရုံးမှုပြုလုပ်
Published 8 November 2025

လသာမြို့နယ်မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်​လောင်းအဖြစ် ဝင်​ရောက်ယှဥ်ပြိုင်မည့် ​တစ်သီးပုဂ္ဂလကိုယ်စားလှယ်​လောင်း ​ဒေါ်စန္ဒာမင်း ယ​နေ့(နိုဝင်ဘာ ၁၁ ရက်)တွင် မဲဆွယ်စည်းရုံးမှုပြုလုပ်ခဲ့​ကြောင်း သိရသည်။

ထိုသို့ မဲဆွယ်စည်းရုံးမှုပြုလုပ်ရာတွင် ၎င်းနှင့်အတူ တိုင်း​ဒေသကြီးလွှတ်​တော် တစ်သီးပုဂ္ဂလကိုယ်စားလှယ်​လောင်း ဦးဝင်းမြင့်သန်းပါဝင်ပြီးလသာမြို့နယ် ၁၇ လမ်းတွင် ကိုယ်စားလှယ်​လောင်းမိတ်ဆက် လက်ကမ်း​ကြော်ငြာ​ဝေငှခြင်းတို့ ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထို့ပြင် မဲဆန္ဒရှင်များနှင့်​တွေ့ဆုံစဥ် ​ရွေး​ကောက်ပွဲတွင် မဲ​သွား​ရောက်​ပေးကြရန်ကို ဦးစွာရှင်းလင်း​ပြောကြားခြင်း၊ ယင်း​နောက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်​လောင်းကို ​မဲ​ပေးရန်စသည်တို့ကို ​ပြောဆိုစည်းရုံးခဲ့​ကြောင်း ​ဒေါ်စန္ဒာမင်းက ​ပြောကြားသည်။

"ကျွန်မတို့က လသာမြို့နယ်မှာ ၁၀ ရပ်ကွက်ပဲ ရှိတယ်လေ။ ၁၀ ရပ်ကွက်ပဲရှိတာဖြစ်တာကြောင့်မို့လို့ တစ်ပတ်မှာ နှစ်ရက်ပဲ ကမ်ပိန်း Schedule ကို ကျွန်မတို့ ဆွဲပြီးသွားပြီ။ နှစ်လစာပေါ့နော်။ ဒီဇင်ဘာ ၂၆ ရက်မှာ ပြီးမယ်ဆိုတော့ တစ်ပတ်မှာ နှစ်ရက်ပဲ ကျွန်မတို့ ပန်းဖလက်ဝေမယ်ပေါ့။ ဆိုတဲ့ Schedule ဆွဲပြီးတော့ မြို့နယ်ရွေးကော်ကိုလည်း ကျွန်မတို့ တင်ပြီးပါပြီ။ ခွင့်ပြုချက်လည်း ရပြီးပြီပေါ့နော်။ ကျွန်မတို့က ရပ်ကွက်လေးကလည်း ကျဉ်းတဲ့အခါကျတော့ အရမ်းကြီး ဟောပြောတာတွေဘာတွေ မလုပ်ပါဘူး။ ဘာလို့လဲဆိုတော့ လသာမြို့နယ်အခြေအနေကို ကြည့်တော့ သူတို့က ဒီလိုမျိုးဟောပြောပွဲတွေဘာတွေကို စိတ်မဝင်စားဘူး။ အဓိကက သူတို့က မဲပေးရမယ်။ ဒီနေ့ဆိုရင် ကျွန်မက ရွေးကောက်ပွဲအတွက်ကို ကမ်ပိန်းစဆင်းတဲ့အခါမှာ သူတို့ကို။ မဲပေးပါ။ ဆိုတဲ့ဟာမျိုးကိုပေါ့နော်။ အဓိက ခေါင်းထဲကို စပြီးတော့  ရိုက်သွင်းပြီးတော့ စကားတွေ ပြောရတယ်ပေါ့။ တချို့တွေက လသာမြို့နယ်မှာ ဈေးလာရောင်းတဲ့သူတွေက ဧည့်စာရင်းတိုင်ပြီးနေတဲ့ သူတွေလည်း များပါတယ်။ အဲဒီတော့ သူတို့အနေနဲ့ မဲပေးပါဆိုတော့။ မဲပေးရမယ်ဆိုတဲ့။ လသာမြို့နယ်က လူတွေဟာ ဒီနေ့ကမ်ပိန်းဆင်းတဲ့အတွက်ကြောင့်မို့လို့ သူတို့ရဲ့ ခေါင်းထဲမှာ နံပါတ်တစ်ကတော့ မဲပေးရမယ်ဆိုတဲ့ဟာလေးတစ်ခု ရသွားတယ်ပေါ့နော်။ နောက်တစ်ခုကတော့ မဲပေးလို့ရှိရင် ဘယ်သူတွေကို ပေးရမလဲဆိုတော့။ ကျွန်မကတော့ ဘယ်လိုပေးရမလဲ။ ကျွန်မတို့က တစ်သီးပုဂ္ဂလကို ဦးစားပေးပြီးတော့ ပေးပေးပါ။ ဒါမှသာလျှင် မြို့နယ်ရဲ့ အစ်မတို့တွေရဲ့ အခက်အခဲတွေကို ကျွန်မက တိုက်ရိုက်ဖြေရှင်းပေးလို့ရပါတယ်ဆိုတော့။ သူတို့က ဒါကို သဘောကျတာပေါ့နော်။ အဲဒါမျိုးလေးတွေတော့ ကျွန်မက ပန်းဖလက်ဝေရင်းနဲ့ စကားလိုက်ပြောတာပေါ့။ သီးသန့်ကြီး ဟောပြောတာတွေဘာတွေတော့ ကျွန်မတို့ လုပ်ဖို့လည်း အစီအစဉ်မရှိဘူး။ တင်လည်း မတင်ပြထားဘူးပေါ့နော်။ အခု ဒါ ပထမဦးဆုံး First Day ပဲ ရှိသေးတယ်ပေါ့နော်။တစ်ပတ်မှာ နှစ်ရက်ကို ကျွန်မတို့က လမ်းတစ်လမ်းတစ်လမ်းစီပေါ့နော်။ တစ်လမ်းကိုတစ်ရက်။ တစ်လမ်းကို တစ်ရက်။ အဲဒီလိုမျိုးနည်းနဲ့။ ကျွန်မတို့က ပန်းဖလက်ဝေပြီးတော့ လူထုကို တိုက်ရိုက်စကားပြောမယ်ပေါ့။ ကျွန်မတို့က ပိုက်ဆံပေးပြီးတော့ လူတွေကို ငှားတာတွေဘာတွေ မလုပ်ဘူး"ဟု တစ်သီးပုဂ္ဂလကိုယ်စားလှယ်​လောင်း ​ဒေါ်စန္ဒာမင်းက ​ပြောကြားသည်။

​ဒေါ်စန္ဒာမင်းသည် NLD ပါတီကိုယ်စားပြု၍ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်​ရောက်ယှဥ်ပြိုင် အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရကာ တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

​ဒေါ်စန္ဒာမင်းသည် ၂၀၂၅ ခုနှစ်အ​ထွေ​ထွေ​ရွေး​ကောက်ပွဲတွင် ကနဦးအစီအစဥ်အရ အမျိုးသားဒီမိုက​ရေစီအင်အားစု(NDF)ပါတီမှ ကိုယ်စားပြုယှဥ်ပြိုင်ရန်စီစဥ်ထားပြီး NDF ပါတီသို့ဝင်​ရောက်ခဲ့ကာ NDF ပါတီကလည်း ၎င်းကို ပါတီဒုတိယဥက္ကဋ္ဌ (၂) တာဝန်အထိ ပေးအပ်ခဲ့သည်။

သို့ရာတွင် NDF ပါတီသည် နိုင်ငံ​ရေးပါတီများမှတ်ပုံတင်ဥပ​ဒေအရ ​ရွေး​ကောက်ပွဲ​ကော်မရှင်သို့ တင်ပြရမည့် ပါတီဝင်အင်အားစာရင်း မပြည့်မီမှုဖြင့် ​ပါတီမှတ်ပုံတင်ပယ်ဖျက်ခံရခြင်း​ကြောင့် ​ဒေါ်စန္ဒာမင်းအပါအဝင် NDF ပါတီဝင် လွှတ်​တော်ကိုယ်စားလှယ်​လောင်းအချို့သည် ၂၀၂၅ ခုနှစ်အ​ထွေ​ထွေ​ရွေး​ကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်​လောင်းများအဖြစ် ယှဥ်ပြိုင်လျက်ရှိသည်။

Most Read

Most Recent