အာဆင်နယ်အသင်းဟာ အသက်(၁၅)နှစ်သာရှိသေးတဲ့ အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား မက်စ်ဒေါင်းမန်းကို စကောလားရှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
မက်စ်ဒေါင်းမန်းက လွန်ခဲ့တဲ့ (၁၀)နှစ်ကတည်းက အာဆင်နယ်အကယ်ဒမီကို ရောက်ရှိခဲ့သူဖြစ်ပြီး ဒီနှစ်နွေရာသီမှာ အသင်းကြီးအတွက် စတင်ကစားခွင့်ရခဲ့တာပါ။
ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် (၃)ပွဲ ပါဝင်ကစားခွင့်ရရှိထားပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ မက်စ်ဒေါင်းမန်းကို ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ ချယ်လ်ဆီးတို့က ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ အာဆင်နယ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းက မက်စ်ဒေါင်းမန်းကို အသက်(၁၇)နှစ်ပြည့်မယ့် ၂၀၂၆ ဒီဇင်ဘာ(၃၁)မှာ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။
မက်စ်ဒေါင်းမန်းဟာ အသက်အရွယ်အရ စကောလားရှစ်စာချုပ်သာ ချုပ်ဆိုနိုင်သေးတာကြောင့် တစ်ပတ်ကို ပေါင်(၄၈၀)သာ ရရှိမှာဖြစ်ပေမဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုချိန်မှာ လစာအမြင့်ဆုံးရရှိတဲ့ ဆယ်ကျော်သက်ကစားသမားတစ်ယောက် ဖြစ်လာမှာသေချာနေကြောင်း ဗြိတိန်မီဒီယာတချို့က သုံးသပ်ဖော်ပြခဲ့ပါတယ်။















