အင်တာမိုင်ယာမီအသင်းနဲ့ မက်ဆီ ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆို

အင်တာမိုင်ယာမီအသင်းနဲ့ မက်ဆီ ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆို
Photo: Inter Miami
Photo: Inter Miami
Published 24 October 2025

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ အင်တာမိုင်ယာမီအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

မက်ဆီဟာ ၂၀၂၃ ဇူလိုင်မှာ အင်တာမိုင်ယာမီအသင်းနဲ့ (၂)နှစ်ခွဲစာချုပ် ချုပ်ဆိုထားခဲ့တာကြောင့် လာမယ့်ဒီဇင်ဘာမှာ သက်တမ်းကုန်တော့မှာဖြစ်တဲ့အတွက် သက်တမ်းတိုးစာချုပ်သစ် ထပ်မံချုပ်ဆိုခဲ့တာပါ။

ဒါကြောင့် အသက်(၃၈)နှစ်ရှိပြီဖြစ်တဲ့ မက်ဆီကို (၄၁)နှစ်အရွယ်အထိ မြက်ခင်းစိမ်းတွေပေါ်မှာ ဆက်လက်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

''ဒီအသင်းမှာ ဆက်ရှိရမှာက ကျွန်တော့်ကို တကယ်ပျော်ရွှင်စေပြီး အသင်းရဲ့ စီမံကိန်းနဲ့အတူ ရှေ့ဆက်သွားမှာပါ။ မိုင်ယာမီဖရီးဒမ်းပါ့ခ်ကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ အိပ်မက်ကလည်း တကယ်ဖြစ်လာပါပြီ'' လို့ မက်ဆီက ပြောကြားခဲ့ပါ တယ်။

မက်ဆီဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက်တော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိသာ ယှဉ်ပြိုင်ကစားမယ်လို့ အတည်ပြုထားပြီး ကလပ်အသင်းအတွက်သာ ဆက်လက်ယှဉ်ပြိုင်ကစားသွားဖို့ ဆုံးဖြတ်ခဲ့တာပါ။

အင်တာမိုင်ယာမီအသင်းဟာ မက်ဆီကို ခေါ်ယူနိုင်ခဲ့တာကြောင့် ကွင်းတွင်းကွင်းပြင် အကျိုးဖြစ်ထွန်းမှုများစွာ ရှိလာခဲ့သလို၊ မေဂျာလိဂ် ပြိုင်ပွဲအနေနဲ့လည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ပိုမိုရရှိလာခဲ့ကြောင်း သိရပါတယ်။

Most Read

Most Recent