အက်စတွန်ဗီလာအသင်းက လာမယ့်လအတွင်း မက္ကာဘီတဲလ်အဗစ်နဲ့ ယှဉ်ပြိုင်ရမယ့် ယူရိုပါလိဂ်ပွဲမှာ ပရိသတ်တွေအနေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဖော်ပြမှုတွေ ပြုလုပ်ခဲ့ရင် ကွင်းပြင်ကို ချက်ချင်းထုတ်ပယ်ခြင်းခံရမယ်လို့ ကြေညာချက်ထုတ်ပြန်ပြီး သတိပေးခဲ့ပါတယ်။
အက်စတွန်ဗီလာနဲ့ မက္ကာဘီတဲလ်အဗစ်တို့ရဲ့ ယူရိုပါလိဂ်ပွဲကို နိုဝင်ဘာ(၆)ရက်မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အက်စတွန်ဗီလာအသင်းက အဲဒီပွဲမှာ အဝေးကွင်း ပရိသတ်တွေကိုလည်း ကြည့်ရှုခွင့်ပိတ်ပင်ထားပါတယ်။
မက္ကာဘီတဲလ်အဗစ်က အစ္စရေးကလပ်အသင်းဖြစ်တာကြောင့် ဘာမင်ဂမ်ရဲတပ်ဖွဲ့ရဲ့ တောင်းဆိုမှုအရ အဝေးကွင်းပရိသတ်တွေကို ပိတ်ပင်ခဲ့တာဖြစ်ပြီး ဒီအတွက် အငြင်းပွားမှုတွေ၊ ဝေဖန်ပြစ်တင်မှုတွေလည်း ရှိနေပါတယ်။
အက်စတွန်ဗီလာအသင်းကတော့ အဝေးကွင်းပရိသတ်တွေရဲ့ လက်မှတ်ခွဲတမ်းကို ရောင်းထုတ်သွားမှာမဟုတ်ကြောင်းနဲ့ အသင်းရဲ့ ပရိသတ်တွေအနေနဲ့ အဝေးကွင်းပရိသတ်တွေထံ လက်မှတ်တွေ ပြန်မရောင်းဖို့လည်း သတိပေးတားမြစ်ထားကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
အက်စတွန်ဗီလာပရိသတ်တွေအတွက် အဓိကသတိပေးချက်ကတော့ မက္ကာဘီနဲ့ပွဲမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာတန်းတွေ၊ အလံတွေ ကိုင်ဆောင်ဖော်ပြမှု ပြုလုပ်ခဲ့ရင် ချက်ချင်းကွင်းပြင်ထုတ်ခံရမယ့်အပြင် ပွဲကြည့်ခွင့်ပိတ်ပင်တဲ့ ပြစ်ဒဏ်တွေနဲ့လည်း ချမှတ်အရေးယူသွားမယ်လို့ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။















