■ ဘိုင်ယန်အသင်းနဲ့ ကွန်ပနီ နှစ်နှစ်သက်တမ်းတိုးခဲ့ပြီး ၂၀၂၉ ခုနှစ်အထိ ဆက်ရှိမယ်

■ ဘိုင်ယန်အသင်းနဲ့ ကွန်ပနီ နှစ်နှစ်သက်တမ်းတိုးခဲ့ပြီး ၂၀၂၉ ခုနှစ်အထိ ဆက်ရှိမယ်
Photo : Bayern Munich
Photo : Bayern Munich
Published 21 October 2025

ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြ ဗင်းဆင့်ကွန်ပနီကို နှစ်နှစ်သက်တမ်းတိုးခဲ့ပြီး စာချုပ်သစ်အရ ၂၀၂၉ ခုနှစ်အထိ ဆက်ရှိနေမှာဖြစ်ပါတယ်။

မန်စီးတီးနောက်ခံလူဟောင်း ကွန်ပနီဟာ ဘိုင်ယန်အသင်းကို ၂၀၂၄ ခုနှစ် မေလမှာ စတင်တာဝန်ယူခဲ့ကာ မူလစာချုပ်က ၂၀၂၇ ခုနှစ် နွေရာသီမှာ သက်တမ်းကုန်ဆုံးပါလိမ့်မယ်။

ကွန်ပနီ(၃၉ နှစ်)အနေနဲ့ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်အသင်းကို ဘွန်ဒစ်လီဂါချန်ပီယံဖလားရအောင် စွမ်းဆောင်ပေးခဲ့တာပါ။

၎င်းဟာ သူ့လက်ထက် ပြိုင်ပွဲစုံ ၆၇ ပွဲမှာ ၄၉ ပွဲအထိ အနိုင်ရရှိထားတာဖြစ်တယ်။

''ကျွန်တော့်အဖို့ ကျေးဇူးတင်ဂုဏ်ယူမိပါတယ်။ ပထမဆုံးနေ့ကစပြီး ကျွန်တော့်ကို ပေးခဲ့တဲ့ ယုံကြည်မှုနဲ့ အလုပ်ပတ်ဝန်းကျင်နဲ့ ဘိုင်ယန်အသင်းကို ကျေးဇူးတင်လိုပါတယ်။ ဒီမှာ ကျွန်တော့်အနေနဲ့ ကာလကြာရှည်ဆက်ရှိမယ်လို့ ခံစားရပါတယ်။ ပြီးတော့ ဒီကလပ်အကြောင်းကို ကျွန်တော် ကောင်းစွာသိပါတယ်။ ဒါက ကြီးကျယ်ခမ်းနားတဲ့ အတွေ့အကြုံတစ်ခုပါပဲ။ ကျွန်တော်တို့ဟာ အံ့အားသင့်စရာကောင်းတဲ့ ခရီးတစ်ခုကို စတင်ခဲ့တယ်။ ဆက်လက်ကြိုးစားပြီး အောင်မြင်မှုတွေအတွက် ဂုဏ်ပြုရအောင်ပါ''လို့ ကွန်ပနီက ပြောခဲ့ပါတယ်။

ဘိုင်ယန်အသင်းဟာ ၂၀၂၅-၂၆ ရာသီအစမှာ ဂျာမန်စူပါဖလား ဆွတ်ခူးခဲ့ပြီး ဘွန်ဒစ်လီဂါအမှတ်ပေးဇယားမှာ ငါးမှတ်ဖြတ် ဦးဆောင်နေပါတယ်။

ကွန်ပနီဟာ ၂၀၁၉ ခုနှစ်မှာ အန်ဒါလက်ချ်အသင်းကို ကစားသမား-နည်းပြအဖြစ် စတင်တာဝန်ယူခဲ့ပြီး ကစားသမားဘဝက အနားယူခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာ အချိန်ပြည့်နည်းပြ ဖြစ်လာခဲ့တယ်။

အန်ဒါလက်ချ်အသင်းကို အမှတ်ပေးချန်ပီယံဆု နှစ်ကြိမ် ရယူပေးခဲ့ကာ ၂၀၂၂ ခုနှစ်မှာ ဘန်လေအသင်းနည်းပြ ဖြစ်လာခဲ့ပြီး သူ့ရဲ့ပထမဆုံးရာသီမှာ လိဂ်ချန်ပီယံရှစ်ဖလား ရယူပေးခဲ့ပါတယ်။

Most Read

Most Recent