ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားကို အနိုင်ယူပြီး မော်ရိုကိုအသင်း ချန်ပီယံဆုဆွတ်ခူး

ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားကို အနိုင်ယူပြီး မော်ရိုကိုအသင်း ချန်ပီယံဆုဆွတ်ခူး
Photo: FIFA
Photo: FIFA
Published 20 October 2025

မနေ့က ကျင်းပခဲ့တဲ့ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ မော်ရိုကိုအသင်းက အာဂျင်တီးနားကို (၂-၀)ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံဆုကို အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးခဲ့ပါတယ်။

ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးဖြစ်တဲ့ အာဂျင်တီးနားအသင်းက ဗိုလ်စွဲဖို့ ပိုပြီးရေပန်းစားခဲ့ပေမဲ့ မော်ရိုကိုအသင်းက အံ့အားသင့်ဖွယ်ရလဒ်ကို ဖန်တီးပြခဲ့တာဖြစ်ပါတယ်။

ဗိုလ်လုပွဲမှာ မော်ရိုကိုအသင်းရဲ့ အနိုင်ဂိုးနှစ်ဂိုးစလုံးကို တောင်ပံကစားသမား ဇာဘီရီက (၁၂၊ ၂၉)မိနစ်တွေမှာ သွင်းယူခဲ့ပါတယ်။

မော်ရိုကိုအသင်းဟာ ၂၀၀၉ ခုနှစ်မှာ ဗိုလ်စွဲခဲ့တဲ့ ဂါနာအသင်းရဲ့နောက် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်တဲ့ ဒုတိယမြောက် အာဖရိကအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

မော်ရိုကိုအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ မက္ကဆီကိုကို ရှုံးနိမ့်ခဲ့ပေမဲ့ စပိန်နဲ့ ဘရာဇီးလ်ကို အနိုင်ယူပြီး အုပ်စုပထမနေရာ ရရှိခဲ့သလို၊ (၁၆)သင်းအဆင့်မှာ တောင်ကိုရီးယား၊ ကွာတားဖိုင်နယ်မှာ အမေရိကန်၊ ဆီမီးဖိုင်နယ်မှာ ပြင်သစ်တို့ကို အနိုင်ယူပြီး ဗိုလ်လုပွဲတက်လာခဲ့တာပါ။

၂၀၂၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ ဝက်ဖို့ဒ်မှာ ကစားနေတဲ့ တိုက်စစ်မှူး မာအမ်မာက ရရှိခဲ့ကြောင်း သိရပါတယ်။

Most Read

Most Recent