ကျောက်မဲမြို့၌ အောက်တိုဘာ ၁၀ ရက်တွင် ကျောင်းသား/ကျောင်းသူ ၇၅၆ ဦး ထပ်မံကျောင်းအပ်နှံခဲ့ပြီး စုစုပေါင်း ၁၉၇၇ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအား အောက်တိုဘာ ၈ ရက်မှစတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကျောင်းသား/ကျောင်းသူ ၇၅၆ ဦး ထပ်မံကျောင်းအပ်နှံခဲ့သဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၉၇၇ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ထပ်မံကျောင်းအပ်နှံသည့် ကျောင်းသား/ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများ နှင့် ထောက်ပံ့ပစ္စည်းများကို တစ်ပါတည်း ပေးအပ်ကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေးကြကြောင်း သိရသည်။
ထို့ပြင် ကျောက်မဲမြို့သို့ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများအား အိမ်ထောင်စု စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းတို့ကို လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးကြကြောင်း သိရသည်။
ထို့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောက်မဲမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် အများပြည်သူ သွားလာနေထိုင်လျက်ရှိသည့် နေရာများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်မှ ဆရာဝန်များ၊ သူနာပြုများ ပူးပေါင်း၍ ကျောက်မဲမြို့ လာဘမုနိတရုတ်ဘုံကျောင်း၌ ယာယီဆေးရုံဖွင့်လှစ်ကာ ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြင်ပလူနာ ၁၀၅ ဦးနှင့် ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာ ၆ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။















