“ရေဒီယို ကမာရွတ်” သီချင်းနှင့် ပတ်သက်ပြီး ဖခင်၏ ဂုဏ်သိက္ခာကျဆင်းစေရန် ရေးသားမှုများ မရေးသားရန်နှင့် ဆက်လက်ရေးသားနေပါက တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း တေးရေးစိုင်းခမ်းလိတ်၏ သမီးဖြစ်သူက လူမှုကွန်ရက်တွင် ရေးသားထားသည်။
ရေဒီယိုကမာရွတ်သီချင်းကို တေးရေး စိုင်းခမ်းလိတ်က ရေးသားခဲ့ခြင်းဖြစ်ပြီး လူမှုကွန်ရက်စာမျက်နှာအချို့က တေးရေးဆရာ၏ ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ပြီး ရေးသားခြင်းများရှိနေခြင်းကြောင့် သမီးဖြစ်သူက ပြန်လည်တုံ့ပြန်ထားခြင်းဖြစ်သည်။
“လပြည့်နေ့မှာ အခုလိုတင်ရတဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်သွားရရင် ကြိုတောင်းပန်ပါရစေရှင်။ "ရေဒီယိုကမာရွတ်" သီချင်းနဲ့ပတ်သတ်ပြီး လွန်ခဲ့တဲ့ လေးနှစ်လောက်ထဲက Mizzima သတင်းဌာနက အင်တာဗျူးတင်ထားတာတွေ့ခဲ့ပေမဲ့ ကျမတို့ဖက်က ဘာမှမပြောဘဲနေနေခဲ့တာ လက်ခံနေလို့မဟုတ်ပါဘူး။ သူ့ဖာသာသူ သီချင်းထဲက အမျိုးသမီးပါဆိုပြီး ပြောနေခဲ့လို့ ကျမအမေကိုလည်း မေးခဲ့ပါတယ်။ အမေကတော့ ရယ်ပြီး "သူ့ဖာသူရေဒီယိုကမာရွတ်” ပါလို့ လာမိတ်ဆက်နေတာတွေ သူမှမဟုတ်ဘူး။ အရင်ကလဲ သုံးယောက်လောက်တွေ့ဖူးတယ်” လို့ ပြန်ပြောခဲ့ပါတယ်။ အဲ့ခေတ်က ၁၀ တန်းကျောင်းသူ ကမာရွတ်မှာနေတဲ့ သူတိုင်း စိတ်ကူးယဉ်ခွင့်ရှိတာမျိုးပေါ့။ အခုမှဘာကြောင့် ဒီလိုအရေးတယူလုပ်ပြီး ဖြေရှင်းနေရတာလဲဆိုရင် အဲ့အင်တာဗျူးရဲ့ နောက်ဆက်တွဲဘာဖြစ်လာသလဲဆိုရင် Page တွေက like ရအောင်ပြန်ဖွတင်ကြတယ်။ ဟုတ်မဟုတ်မသိဘူး ဆက်ရှယ်ကြပြီး ကျမအဖေရဲ့ဂုဏ်သိက္ခာကျဆင်းအောင် Comments တွေမှာ ရေးနေတာတွေရော ဖြစ်လာတယ်။ လူတချို့က ကျအဖေရဲ့ပုံတွေပါအသုံးပြုပြီး ပိုစ့်ပြန်တင်ကြ ရှယ်ထားကြတယ်။ ရေးနေကြတယ်။ ကျမတို့က ခေတ်အခြေအနေအရရော/ မိဘကျန်းမာရေးဂရုစိုက်နေရတာရောကြောင့် ပြဿနာမဖြစ်ချင်တာမို့ အတော်အသင့် ဝင်မပါသလို သိပ်မပြောပါဘူး။ ဒါပေမဲ့ အခုကစပြီး ရေဒီယိုကမာရွတ်နဲ့ ပတ်သက်ပြီး post တင်ထား Share ထားရင် ပို့စ်တွေကို ဖြုတ်ချပေးပါ။ ကျမအဖေက သီချင်းတွေရေးခဲ့တယ်။ လူ့ဘဝနေရာမျိုးစုံ ရှု့ထောင့်ပေါင်းစုံကိုဝင်ခံစားပြီး ရေးစပ်ခဲ့တာတွေက သူ့ရဲ့သိက္ခာကိုစော်ကားဖို့မဟုတ်ပါဘူး။ တချို့က ရည်ရွယ်ချက်ရှိရှိကို မလိုအပ်ဘဲ နောက်ကွယ်က ဇာတ်လမ်းတွေ ချဲ့ကားရေးသားလာကြတယ်။ မှန်၏ မမှန်၏ မဆင်ခြင်ဘူး like ရပြီးရော ရမ်းတုတ်ဇာတ်လမ်းဆင်နေကြတာ ရပ်ပေးကြပါ။ ထပ်ပြောပါရစေ ကျမအဖေရေးခဲ့တဲ့ သီချင်းတွေကိုကြိုက်လို့ ချစ်တဲ့စိတ် ရှယ်မိတယ်ဆိုရင်လဲ ပိုစ့်တွေဖြုတ်ချပေးပါ။ ကျမဒီလိုပြောရခြင်းကို ကျမလိုပဲ ကျမအဖေကိုတန်ဖိုးထားချစ်ခင်ကြသူတိုင်း ခံစားနားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ သမီးတစ်ယောက်အနေနဲ့ အသက် ၈၀ နားကပ်နေပြီး လေတစ်ခါဖြတ်ထားလို့ ကျန်းမာအောင်ကြိုးစားနေထိုင်နေရတဲ့ ဘဝတသက်တာလုံးလဲ လောဘမာန်မာနကင်းပြီး အေးအေးချမ်းချမ်းနဲ့ နေခဲ့တဲ့ အဖေကို ထပ်စော်ကားနေတာတွေတွေ့ရင် တရားဥပဒေအရပဲ ဆက်ဖြေရှင်းသွားမှာပါ” ဟု တေးရေး စိုင်းခမ်းလိတ်၏ သမီးဖြစ်သူက လူမှုကွန်ရက်တွင် ရေးသားထားသည်။
“ရေဒီယို ကမာရွတ်” သီချင်းအား တေးရေး စိုင်းခမ်းလိတ်က ရေးသားခဲ့ကာ မူရင်းတေးသံရှင်မှာ စိုင်းထီးဆိုင်ဖြစ်ပြီး လက်ရှိတွင် အဆိုတော်အများစု ပြန်လည်သီဆိုလျက်ရှိကြောင်း သိရသည်။















