■ ၎င်းတပ်ဖွဲ့ဝင်သည် ခရီးသွားလာချိန် ပင်လောင်းစစ်ဆေးဂိတ်တွင် PSMS ဆော့ဝဲလ်ဖြင့် စစ်ဆေးရာမှ တရားခံပြေးဟုဆိုကာ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ မိသားစုဝင်များက ရှင်းလင်းပွဲပြုလုပ်
မန္တလေးမြို့တွင် တာဝန်ထမ်းဆောင်ဆဲ ရဲတပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦး၏ မှတ်ပုံတင်နံပါတ်ဖြင့် Connect Twentyone အမည်ဖြင့် K Pay ဖွင့်လှစ်၍ ထောက်ပို့လုပ်ဆောင်သဖြင့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ၎င်းတပ်ဖွဲ့ဝင်သည် ခရီးသွားလာချိန် ပင်လောင်းစစ်ဆေးဂိတ်တွင် PSMS ဆော့ဝဲလ်ဖြင့် စစ်ဆေးရာမှ တရားခံပြေးဟုဆိုကာ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ မိသားစုဝင်များက ရှင်းလင်းပွဲကို အောက်တိုဘာ ၃ ရက်က ပြုလုပ်ခဲ့သည်။
အဆိုပါ ရဲတပ်ဖွဲ့ဝင်အမျိုးသမီးသည် လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ဖြစ်သလို ပြည်ထဲဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ဆဲအရာရှိတစ်ဦး၏ဇနီးလည်းဖြစ်သည့် ရဲတပ်သားမအေးငြိမ်းသီတာဖြစ်ကြောင်း၊ ၎င်းသည့် ကလေးမီးဖွားခွင့်ယူထားပြီး မန္တလေးမြို့မှ ခင်ပွန်းဖြစ်သူတာဝန်ထမ်းဆောင်ရာ ကယားပြည်နယ် လွိုင်ကော်မြို့သို့သွားရောက်စဉ် ပင်လောင်းစစ်ဆေးဂိတ်ရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။
ထိုသို့ဖမ်းဆီးခံရသည့်အကြောင်းမှာ ၂၀၂၃ခုနှစ်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)ရဲစခန်းတွင် အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ ည ဖြင့် အမှုဖွင့်ထားသည့် တရားခံပြေးဖြစ်သဖြင့် ဖမ်းဆီးအရေးယူခြင်းဖြစ်သည်ဟု သိရသည်။
ယင်းအမှုမှာ ၂၀၂၃ ခုနှစ်ကတည်းက ဖွင့်ထားခြင်းဖြစ်သော်လည်း ယခု ၂၀၂၅ ခုနှစ် သြဂုတ်ရောက်မှသာ ရဲတပ်သားမအေးငြိမ်းသီတာကို တရားခံပြေးဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များကပြောကြားသည်။
ရဲတပ်သားမအေးငြိမ်းသီတာသည် K Pay အကောင့်ကို ၂၀၁၈ ခုနှစ်ကတည်းက ဖွင့်လှစ်အသုံးပြုခဲ့ကြောင်း၊ ယခုအမှုဖြစ်စဉ်တွင် ၎င်း၏ မှတ်ပုံတင်နံပါတ်ဖြင့် ၂၀၂၁ ခုနှစ်တွင် Connect Twentyone အမည်ဖြင့် K Pay အကောင့်တစ်ခုကို ထပ်မံဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါဖွင့်လှစ်သည့်ဖုန်းနံပါတ်သည်လည်း မအေးငြိမ်းသီတာ ကိ်ုင်ဆောင်ခြင်းမရှိကြောင်း၊ သို့ရာတွင် Connect Twentyone အမည်ရှိ K Pay အကောင့်ကို ထောက်ပို့ဖြင့်အမှုဖွင့်ချိန်တွင် သက်ဆိုင်ရာရဲတပ်ဖွဲ့က လဝကမှရရှိသည့် မှတ်ပုံတင်နံပါတ်တူနေသော မအေးသီတာငြိမ်းအမည်ကိုထည့်သွင်းကာ အမှုဖွင့်၍ တရားခံပြေးစာရင်းထည့်သွင်းထားခြင်းဖြစ်ကြောင်းသိရသည်။
" ၂၀၂၃ ခုနှစ်မှာ ဖွင့်ထားတဲ့အမှုလို့သိရပြီး လက်ရှိချိန်ထိတာဝန်ထမ်းဆောင်ဆဲဖြစ်သလို အမှုဖွင့်ခံထားရမှန်းလည်းမသိပါဘူး။ အမှုဖွင့်ခံထားရတဲ့ရဲစခန်းနဲ့ သူမ နေထိုင်တဲ့ရပ်ကွက်က ကပ်လျက်ပါ။ အမှုဖွင့်ထားတဲ့ ရဲစခန်းဟာဆိုရင်လည်း သူမတာဝန်ထမ်းဆောင်နေတဲ့ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးရဲ့ အုပ်ချုပ်မှုအောက်မှာရှိတာပါ။ အမှုဖွင့်အရေးယူရတဲ့အကြောင်းကတော့ သူမရဲ့ မှတ်ပုံတင်နံပါတ်နဲ့အမှုဖွင့်ထားတဲ့ kpay အကောင့်တစ်ခုဟာ လိုင်းပေါ်မှာ အလှူခံတာကြောင့်လို့ သိရပါတယ်။ အဲအကောင့်ကို စုံစမ်းလိုက်တော့ ကျွန်မ သမီးရဲ့ မှတ်ပုံတင်နံပါတ်သာတူပြီး၊ ဖုန်းနံပတ်တွေ၊ kpayဖွင့်ထားတဲ့ နာမည်တွေဟာ တူညီခြင်းမရှိပါဘူး။ ကျွန်မသမီးအသုံးပြုနေတဲ့kpay အကောင့်ဟာ ၂၀၁၈ထဲကဖြစ်ပြီး အခုအမှုဖွင့်ခံထားရတဲ့အကောင့်ဟာ ၂၀၂၁ အစောပိုင်းမှ ဖွင့်တာပါ။မှတ်ပုံတင်နံပတ်တစ်ခုနဲ့ kpay အကောင့်တစ်ခုဖွင့်ထားပြီးသားကို နောက်တစ်ခုထပ်ဖွင့်ခွင့်ပေးလိုက်တဲ့ kpayနဲ့ မသမာသူတစ်ယောက်က မှတ်ပုံတင်နံပတ်တစ်ခုရယူပြီး အကောင့်ဖွင့်အသုံးပြုလိုက်တာကြောင့် ကလေးလသားလေးနဲ့ တပ်ဖွဲ့ဝင်အမျိုးသမီးအခုလို ဖမ်းဆီးခံနေရတာပါ။ လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင့်ငံဝန်ထမ်းအမျိုးသမီးတစ်ဦး ခုလို မှားယွင်းဖမ်းဆီးတရားစွဲဆိုခံထားရမှုကို အမြန်ဆုံးစုံစမ်းစစ်ဆေးပြီး အပြစ်မရှိပါက ရုတ်သိမ်းပေးစေလိုပါတယ်။ အဆင့်ဆင့်တင်ပြကြိုးစားခဲ့ပြီးပေမယ့် ဘယ်လိုမှ မတတ်သာလို့ ခုလို သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်ပါတယ်"ဟု မိခင်ဖြစ်သူက ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မဟာအောင်မြေခရိုင်တရားရုံးတွင် တရားစွဲဆိုထားပြီး ခင်ပွန်းဖြစ်သူနှင့်မိခင်ဖြစ်သူတို့က အသနားခံစာတင်ပြခြင်း၊ စုံစမ်းစစ်ဆေးပေးပါရန် သက်ဆိုင်ရာဌာနအသီးသီးသို့ တင်ပြထားကြောင်းလည်း သိရသည်။















