■ ကာတာနိုင်ငံသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ပေါကြွယ်ဝပြီး ကမ္ဘာ့အဓိက LNG ထုတ်လုပ်သူနှင့် တင်ပို့သူဖြစ်သဖြင့် LNG ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း စွမ်းအင်ဝန်ကြီး ပြောကြား

■ ကာတာနိုင်ငံသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ပေါကြွယ်ဝပြီး ကမ္ဘာ့အဓိက LNG ထုတ်လုပ်သူနှင့် တင်ပို့သူဖြစ်သဖြင့် LNG ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း စွမ်းအင်ဝန်ကြီး ပြောကြား
Published 2 October 2025

ကာတာနိုင်ငံသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ပေါကြွယ်ဝပြီး ကမ္ဘာ့အဓိက LNG ထုတ်လုပ်သူနှင့် တင်ပို့သူဖြစ်သဖြင့် LNG ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားသည်။

အောက်တိုဘာ ၁ ရက်က စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်း Dr. Khalid Bin Mohammed Al Attiyah ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ရေနံ့သာခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ အရှေ့တောင်အာရှဒေသတွင် အချက်အချာကျသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး စွမ်းအင်သယံဇာတများ ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် စွမ်းအင်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများစွာရှိကြောင်း၊ မြန်မာနိုင်ငံတွင် အလားအလာကောင်းသောကုန်းပိုင်းနှင့် ကမ်းလွန်လစ်လပ်လုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းလုပ်ငန်းများနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများအဆင့်မြှင့်တင်တည် ဆောက်ခြင်းလုပ်ငန်းများတွင် ကာတာနိုင်ငံမှ ကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရန်ဖိတ်ခေါ်လိုကြောင်း၊ ကာတာနိုင်ငံသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝပြီး ကမ္ဘာ့အဓိက LNG ထုတ်လုပ်သူနှင့် တင်ပို့သူဖြစ်သဖြင့် LNG ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ မြန်မာနိုင်ငံကို LNG Trading Hub အဖြစ်ဆောင်ရွက်၍ တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ ရှိနိုင်ငံများသို့ လိုအပ်သည့်သဘာဝဓာတ်ငွေ့များကို ပေးပို့ဖြန့်ဖြူးပေးနိုင်မည့်အခွင့်အလမ်းများရှိကြောင်း ပြောကြားသည်။

ထို့နောက်ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်း Dr. Khalid Bin Mohammed Al Attiyah က ကာတာနိုင်ငံနှင့် အခြားနိုင်ငံများတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများကို ရှင်းလင်းပြောကြားကာ မြန်မာ-ကာတာ နှစ်နိုင်ငံအကြားစွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent