AI နည်းပညာအသုံးပြုပြီး ငွေလွှဲပြေစာအတုများ ပြုလုပ်ခြင်းများရှိလာသဖြင့် အလိမ်မခံရစေရေး သတိပြုကြရန် လိုအပ်လာသည်ဟု သိရသည်။
လူအများအသုံးပြုနေသည့် အွန်လိုင်းငွေကြေး၏ ငွေလွှဲပြေစာများကို အတုပြုလုပ်ကာ လိမ်လည်မှုများရှိလာနိုင်သဖြင့် သတိပြုကြရန် Wave Pay က အသိပေးထားသည်။
“မသမာသူတွေက AI နည်းပညာသုံးပြီး ငွေပေးချေထားတဲ့ ငွေလွှဲမှတ်တမ်းကို အတုပြု လုပ်လာကြပါတယ်။ ၎င်းငွေလွှဲမှတ်တမ်းအတုများအသုံးပြုပြီး ငွေလွှဲ၊ ငွေပေးချေမှုများတွင် ပြသ၍ လိမ်လည်မှုများပြုလုပ်နေကြတာ ကြောင့် ဒီလိုငွေပေးချေထားတဲ့ငွေလွှဲပြေစာ၊ စခရင်ရှော့တွေကို အပြည့်အဝမယုံကြည်ပါနဲ့” ဟု Wave Pay က အသိပေးထားသည်။
ငွေလွှဲများ ပေးပို့သည်ဆိုသည့်အချိန်တိုင်းတွင် မိမိအကောင့်အတွင်းရှိ ငွေလွှဲမှတ်တမ်းကို သေချာစစ်ဆေးပြီးမှသာ အတည်ပြုရန် Wave Pay က ပြောကြားသည်။
“ငွေလွှဲလက်ခံတိုင်း ငွေတကယ် ဝင်/မဝင်ကို မိမိတို့အကောင့်တွင်းရှိ ငွေလွှဲမှတ်တမ်း(Transaction History) နဲ့ ငွေပမာဏကို သေချာစစ်ဆေးပါ။ ဒီလိုစစ်ဆေးခြင်းက ငွေလွှဲမှတ်တမ်းအတုနဲ့ လိမ်လည်မှုတွေကို ရှောင်ရှားနိုင်ဖို့ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။ မိမိတို့ငွေကြေးကို သေချာစစ်ဆေး အတည်ပြုခြင်းဖြင့် ကာကွယ်ပါ။ ငွေကြေးလိမ်လည်မှုနဲ့ပတ်သတ်ပြီး သံသယရှိပါက သက်ဆိုင်ရာ ဘဏ်များ (သို့မဟုတ်) မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုစင်တာများကို ဆက်သွယ်အကြောင်းကြားပါ။ Wave Pay အသုံးပြုသူတွေအနေနဲ့ ငွေကြေးလိမ်လည်မှု အန္တရာယ်တစ်စုံတစ်ခု ကြုံတွေ့ခဲ့ရပါက Wave Money ရဲ့ call-center နံပါတ်ဖြစ်တဲ့ ၀၉ ၇၉၀၀၀ ၉၀၀၀ (ဒါမှမဟုတ်) atom ဖုန်းနံ ပါတ်တွေအတွက်ဆိုရင် ၉၀၀ ကို အချိန်မှီ ဆက်သွယ်ဖို့ တိုက်တွန်းလိုက်ပါတယ်” ဟု Wave Pay က အသိပေးထားသည်။
နည်းပညာများ တိုးတက်လာသည်နှင့်အမျှ အကောင်းနှင့်အတူ ဆိုးကျိုးပါ တွဲဖက်ပါလာကြောင်း၊ အတုပြုလုပ်ထားသည့် ငွေလွှဲပြေစာအတုကို AI ဖြင့် ပြုလုပ်ထားသည်ဆိုပါက အောက်ဘက်တွင် AI Logo ကို မြင်ရကြောင်း၊ ယင်းလိုဂိုကို ဖျောက်ပေးသည့် ဝက်ဘ်ဆိုက်များလည်းရှိသဖြင့် အလွန်သတိထား ရမည်ဖြစ်ကြောင်း လူမှုကွန်ရက်သုံးစွဲသူအချို့က ရေးသားထားသည်။
“အလုပ်များတဲ့သူတွေဆိုရင် ဒီလိုဂိုကို ကြည့်ဖို့လည်း စဉ်းစားမိမှာ မဟုတ်ဘူး။ လိုဂိုကလည်း သတိထားမိရင်တော့ သိမယ်။ ဒါပေမဲ့ ခုနကပြောတဲ့ ဘက်ဂရောင်းဖျောက်တဲ့ AI Logo တွေသုံးပြီး ဖျောက်လိုက်ရင် အတုမှန်းသိမှာ မဟုတ်တော့ဘူး။ အကောင်းဆုံးက ကိုယ့်ငွေလွှဲမှတ်တမ်းကို သေချာစစ်တာအ ကောင်းဆုံးပဲ။ လွှဲတဲ့သူနာမည်၊ ဘယ်အချိန်က လွှဲသလဲဆိုတာကို ငွေလွှဲတဲ့သူကို သေချာ မေးပြီး ကိုယ့်မှတ်တမ်းကို ပြန်စစ်တာ အကောင်းဆုံးပဲ” ဟု ငွေလွှဲလုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။
ထိုင်း- မြန်မာနယ်စပ်ရှိ အွန်လိုင်းလိမ် လည်မှုလုပ်ငန်းများတွင်လည်း AI ကိုအသုံးပြုကာ လိမ်လည်မှုများလုပ်ကိုင်နေသည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက ဘန်ကောက်ပို့စ်တွင် သတင်းဖော်ပြထားသည်။















