ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက လွှတ်တော်သုံးရပ်လုံးရှိ မဲဆန္ဒနယ်အားလုံး၏ ထက်ဝက်ဖြစ်သည့် မဲဆန္ဒနယ် ၄၁၇ နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိပါက ပါတီဖျက်သိမ်းခံရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ပြောကြားသည်။
ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပမည်ဖြစ်သဖြင့် ကိုယ်စားလှယ်လောင်းများ မည်မျှတင်သွင်းမှသာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် ရမည်ဆိုသည့်အခြေအနေ၊ ကိုယ်စားလှယ်လောင်းအရည်အချင်းသတ်မှတ်ချက်များ၊ ပါတီများအပေါ်ကန့်သတ်ချက်များရှိနေသည်ဆိုသည့်ကိစ္စရပ်များနှင့်ပတ်သက်ပြီး သတင်းဌာနတစ်ခု၏ မေးမြန်းမှုအပေါ် စက်တင်ဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်ရေးအဖွဲ့မှတစ်ဆင့် UEC ကဖြေကြားရာတွင် ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
လာမယ့် ရွေးကောက်ပွဲတွင် ပြည်ထောင်စုတစ်ဝန်းလုံး ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများသည်ရွေးကောက်ပွဲ အပိုင်း (၁) တွင် ထုတ်ပြန်ထားသည့် မြို့နယ် ၁၀၂ မြို့နယ်အတွက်သာ မဟုတ်ဘဲ ၂၀၂၅ ခုနှစ် သြဂုတ် ၁၈ ရက်ဖြင့် ကော်မရှင်က ထုတ်ပြန်ထားသည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၈၃၃ နယ် အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကို တင်သွင်းရမည်ဖြစ်ကြောင်း UEC က ပြောကြားသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂ (က) (၁) အရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အပါအဝင်) မဲဆန္ဒနယ် အားလုံး၏ ထက်ဝက်တွင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ အပိုင်း (၁) ကျင်းပမည့် မြို့နယ် ၁၀၂ မြို့နယ်ထဲမှ မဲဆန္ဒနယ် ထက်ဝက်ကို ပြောတာမဟုတ်ကြောင်း UEC ကပြောကြားသည်။
"မဲဆန္ဒနယ်အားလုံး၏ ထက်ဝက်ဖြစ်တဲ့ မဲဆန္ဒနယ် ၄၁၇ နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့အတိုင်း ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိဘဲ ဖျက်သိမ်းခံရမှာဖြစ်ပါတယ်" ဟု UEC ကပြောကြားသည်။
ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံတော်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအတွက် လွှတ်တော်အတွင်း ဥပဒေပြုရေးကဏ္ဍများကို ဆောင်ရွက်ရသည့် ပုဂ္ဂိုလ်များဖြစ်သဖြင့် အရည်အချင်းရှိသည့်သူတွေ ဖြစ်ရန်လိုကြောင်း၊ ပြည်သူလူထုအကျိုး၊ အများအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သူတွေ ဖြစ်ရန်လိုကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် အရည်အချင်းရှိသည့် လွှတ်တော်ကိုယ်စားလှယ်များလွှတ်တော်ထဲကို ရောက်ရှိနိုင်ရန် သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဖြစ်ကြောင်း UEC ကဆိုသည်။
ထို့ပြင် နိုင်ငံရေးပါတီများ၏ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များ ဆောင်ရွက်ရာတွင် လွယ်ကူ အဆင်ပြေစေရန်အတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများကိုပြင်ဆင်ပြီး သတ်မှတ်ချက်များကို ဖြေလျော့ပေးခဲ့ကြောင်း၊ တည်ဆဲနိုင်ငံရေးပါတီ ၅၇ ပါတီရှိပြီး အဆိုပါနိုင်ငံရေးပါတီများ အားလုံးဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်း ဥပဒေများပါ သတ်မှတ်ပြဋ္ဌာန်းချက်များအညီ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများနှင့် အခါအားလျော်စွာ တွေ့ဆုံပြီး နိုင်ငံရေးပါတီများမှ တင်ပြချက်များကိုလည်း ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း UEC က ပြောကြားသည်။















