ဆာဗာချို့ယွင်းသဖြင့် နေပြည်တော်စာစစ်ဌာနအချို့တွင် အမှတ်စာရင်းမှားယွင်းမှု အနည်းငယ် ဖြစ်ပေါ်

ဆာဗာချို့ယွင်းသဖြင့် နေပြည်တော်စာစစ်ဌာနအချို့တွင် အမှတ်စာရင်းမှားယွင်းမှု အနည်းငယ် ဖြစ်ပေါ်
Published 4 August 2025

ဆာဗာတွင်ထည့်သွင်းထားသည့်အချက်အလက်များကို စစ်ဆေးနေကာပြီးဆုံးပါက အမှတ်စာရင်းများ ထုတ်ပေးမည်

ဆာဗာချို့ယွင်းမှုကြောင့် နေပြည်တော်စာစစ်ဌာနအချို့တွင် အမှတ်စာရင်းမှားယွင်းမှုများ အနည်းငယ် ဖြစ်ပေါ်ခဲ့ပြီး ဆာဗာတွင်ထည့်သွင်းထားသည့် အချက်အလက်များကို စစ်ဆေးနေကာ ပြီးဆုံးပါက အမှတ်စာရင်းများကို တိကျမှန်ကန်စွာထုတ်ပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းကို ဇူလိုင် ၃၀ ရက် နံနက် ၈ နာရီတွင် စတင်ထုတ်ပေးခဲ့ကြောင်း၊ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် အမှတ်စာရင်း ထုတ်ပေးမှုစနစ်၏ ဆာဗာချို့ယွင်းမှုကြောင့် နေပြည်တော်စာစစ်ဌာနများအတွင်း အမှတ်စာရင်းမှားယွင်းမှုအနည်းငယ် ဖြစ်ပေါ်ခဲ့သည်ဟု ပညာရေးဝန်ကြီးဌာနက ဆိုသည်။

ယင်းကြောင့် အမှတ်စာရင်းထုတ်ပေးမှုလုပ်ငန်းစဉ်ကို ခေတ္တရပ်ဆိုင်းပြီး လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ မှားယွင်းမှုဖြစ်ပေါ်ခဲ့သည့် အမှတ်စာရင်းများကို စိစစ်ပြီး ပြန်လည်ထုတ်ယူနိုင်ရေးကို ကြေညာခဲ့ပြီးဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

လက်ရှိတွင် ဆာဗာစနစ်တွင် ထည့်သွင်းထားသော အချက်အလက်များကို စိစစ်လျက်ရှိပြီး လုပ်ငန်းပြီးဆုံးပါက အမှတ်စာရင်းများကို တိကျမှန်ကန်စွာ ဆက်လက်ထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Most Read

Most Recent