ပေါ်တူဂီကလပ် ဂွန်ဒိုမာအသင်းဟာ ကွယ်လွန်သွားတဲ့ ဂျိုတာနဲ့ အန်ဒရေဆေးလ်ဗားတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ သူတို့ရဲ့ ရုပ်ပုံကို အိမ်ကွင်းဂျာစီမှာ ထည့်သွင်းဖန်တီးသွားမယ်လို့ သိရပါတယ်။
ဒီယိုဂိုဂျိုတာက ဂွန်ဒိုမာမြို့မှာ ကြီးပြင်းခဲ့သူဖြစ်ပြီး ဂွန်ဒိုမာအသင်းမှာ အသက်(၉)နှစ်ကနေ (၁၇)နှစ်အထိ လူငယ်ကစားသမားဘဝကို ဖြတ်သန်းခဲ့သူပါ။
ဒါကြောင့် ဂွန်ဒိုမာအသင်းက သူတို့ရဲ့ အကယ်ဒမီ ကို ဂျိုတာရဲ့အမည်ပေးပြီး ဂုဏ်ပြုထားပါသေးတယ်။
ဂျိုတာနဲ့အတူ ယာဉ်မတော်တဆဖြစ်ပြီး ကွယ်လွန်ခဲ့တဲ့ ညီဖြစ်သူ အန်ဒရေဆေးလ်ဗားကလည်း အဲဒီအသင်းမှာပဲ ကစားသမားဘဝကို အစပြုခဲ့သူဖြစ်တာကြောင့် ဂွန်ဒိုမာအသင်းက ညီအစ်ကိုနှစ်ဦးစလုံးကို ဂုဏ်ပြုဖို့ စီစဉ်ခဲ့တာပါ။
ဂွန်ဒိုမာအသင်းက လာမယ့် ၂၀၂၅-၂၆ ရာသီမှာ ဝတ်ဆင်မယ့် အဝါရောင်အိမ်ကွင်းဂျာစီမှာ ဂျိုတာနဲ့ အန်ဒရေဆေးလ်ဗားတို့ရဲ့ ရုပ်ပုံကို ထည့်သွင်းဖန်တီးသွားမှာဖြစ်သလို၊ အိမ်ကွင်း၊ အဝေးကွင်းနဲ့ တတိယဝတ်စုံတွေရဲ့ ဂျာစီနောက်ကျောမှာလည်း ဂျိုတာနဲ့ အန်ဒရေဆေးလ်ဗားတို့ရဲ့အမည်ကို ရေးထိုးဖော်ပြသွားမယ်လို့ သိရပါတယ်။















