အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ယနေ့(ဇူလိုင် ၃၁ ရက်)တွင် နေပြည်တော်၌ ကျင်းပနေကြောင်း သိရသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်ကိုအရေးပေါ်အခြေအနေအဖြစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ကြေညာခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ နိုင်ငံတော်တာဝန်များကိုလွှဲပြောင်းခဲ့ပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဦးဆောင်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းကာ နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားကို လည်ပတ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် နိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြေညာမှုအား သတ်မှတ်ကာလပြီးဆုံးပြီးနောက် ခြောက်လတစ်ကြိမ်သက်တမ်းတိုးမြှင့်ခဲ့ရာမှ ယနေ့(ဇူလိုင် ၃၁ ရက်)တွင် နိုင်ငံတော်အခြေအနေအရပ်ရပ်အရ အရေးပေါ်ကာလကို ထပ်မံသက်တမ်းတိုးမတိုး ဆုံးဖြတ်ရမည်ဖြစ်သည်။
သို့ရာတွင် ဇူလိုင် ၃၀ ရက်က ကျင်းပခဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ထမ်းဆောင်ခဲ့သူများကို နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဂုဏ်ပြုပွဲပြုလုပ်ပေးခဲ့မှုနှင့် လာမည့်ဒီဇင်ဘာလအတွင်း ရွေးကောက်ပွဲကျင်းပရန်စီစဉ်ထားမှုများအရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းမှုကို ပယ်ဖျက်မည့်အခြေအနေရှိပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဦးဆောင်ဖွဲ့စည်းမည့် အစိုးရပုံစံသို့ ပြောင်းလဲဖွဲ့စည်းမည့်သဘောရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောကြားသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ယာယီသမ္မတဦးမြင့်ဆွေက ဦးဆောင်ခေါ်ယူကျင်းပခြင်းဖြစ်သော်လည်း လက်ရှိတွင် ယာယီသမ္မတဦးမြင့်ဆွေသည် ကျန်းမာရေးအခြေအနေအရ ယာယီသမ္မတတာဝန်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ လွှဲအပ်ထားသည်။















