စီးရီးအေချန်ပီယံ နာပိုလီအသင်းဟာ မန်စီးတီးတိုက်စစ်ကစားသမား ဂရီးလစ်ရှ်ကို အဓိကပစ်မှတ်အဖြစ် ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ La Gazzetta dello Sport က ဖော်ပြခဲ့ပါတယ်။
အသက် (၂၉) နှစ်အရွယ် အင်္ဂလန်တိုက်စစ်ကစားသမား ဂရီးလစ်ရှ်ဟာ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မန်စီးတီးအသင်းရဲ့လူစာရင်းကနေ ချန်လှပ်ခံရပြီးနောက် အခုနွေမှာ အသင်းပြောင်းရွှေ့ကစားမယ်လို့ သတင်းထွက်နေတာပါ။
သူ့ကို တစ်ရာသီအငှားနဲ့ ခေါ်ယူဖို့ အဲဗာတန်အသင်းက စိတ်ဝင်စားနေပေမဲ့ သူတို့ဟာ နာပိုလီအသင်းနဲ့ ပြိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။
နာပိုလီနည်းပြ ကွန်တီဟာ ဂရီးလစ်ရှ်ရဲ့ ပရိသတ်ဖြစ်ပြီး သူ့ကို နာပိုလီအသင်းမှာ မန်စီးတီးအသင်းဖော်ဟောင်း ဒီဘရိုင်းနားနဲ့ တွဲဖက်ပေးဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ဂရီးလစ်ရှ်ဟာ လက်ရှိ အီတလီနိုင်ငံမှာ လေ့ကျင့်ရေးတွေ ပြုလုပ်နေတာကြောင့် သူ့အနေနဲ့ နာပိုလီအသင်းကို ပြောင်းရွှေ့နိုင်တယ်လို့ မီဒီယာတွေက ဖော်ပြနေကြပါတယ်။
မန်စီးတီးအသင်းဟာ ၂၀၂၁ နွေရာသီမှာ အက်စတွန်ဗီလာအသင်းကနေ ပေါင်သန်း (၁၀၀) နဲ့ ခေါ်ယူခဲ့တဲ့ ဂရီးလစ်ရှ်ကို အခုနွေမှာ ပေါင်သန်း (၄၀) ဝန်းကျင်နဲ့ ပြန်လည်ရောင်းထုတ်ဖို့ ရှိတယ်လို့ သိရပါတယ်။















