ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က ဗစ်ဆဲလ်ကိုဘေးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို (၃၃)မိနစ်သာ ကစားစေခဲ့ခြင်းဟာ လေ့ကျင့်မှုအနည်းငယ်သာ ပြုလုပ်ရသေးတာကြောင့်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
မန်ယူကနေ ဘာစီလိုနာအသင်းကို တစ်ရာသီအငှားစာချုပ်နဲ့ ရောက်ရှိခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ဟာ ဂျပန်ကလပ် ဗစ်ဆဲလ်ကိုဘေးအသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဒုတိယပိုင်းအစကတည်းက ပါဝင်ကစားခွင့်ရခဲ့ပေမဲ့ (၇၈)မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။
ဒါကြောင့် (၃၃)မိနစ်သာ ကစားခွင့်ရခဲ့တဲ့အခြေအနေအပေါ် ပွဲအပြီးမှာ မေးမြန်းခဲ့ကြတဲ့အတွက် ဟန်ဆီဖလစ်ခ်က ရှင်းလင်းပြောကြားခဲ့တာပါ။
''သူက တခြားကစားသမားတွေထက် တစ်ပတ်နောက်ကျပါတယ်။ ဘောလုံးနဲ့အတူ လေ့ကျင့်ရချိန်ကလည်း အများကြီးမရှိသေးပါဘူး။ပြီးတော့ ကျွန်တော်တို့ သူ့ကို ဂရုစိုက်ချင်တာကြောင့် ဖြစ်ပါတယ်'' လို့ပြောကြားခဲ့ပါတယ်။
ပွဲအပေါ်ကိုတော့ ဟန်ဆီဖလစ်ခ်က အသင်းအတွက် ကောင်းမွန်တဲ့စမ်းသပ်မှုဖြစ်ခဲ့ကြောင်းနဲ့ ဒုတိယပိုင်းကစားပုံကို ကျေနပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဂျပန်ကနေ ကိုရီးယားကို ခရီးဆက်မယ်လို့ သိရပါတယ်။















