ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းဟာ ရီးယဲလ်မက်ဒရစ်တောင်ပံတိုက်စစ်ကစားသမား ရိုဒရီဂိုကို ခေါ်ယူဖို့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ တိုက်ရိုက်ဆွေးနွေးနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
လီဗာပူးလ်အသင်းဟာ အခုနွေရာသီမှာ ဖလော်ရီယန်ဗက်ဇ်၊ ဖရင်ပေါင်၊ ကာကက်ဇ်၊ မာမာဒက်ရှ်ဗလီတို့လို ကစားသမားတွေကို ခေါ်ယူထားသလို၊ ဖရန့်ဖတ်တိုက်စစ်မှူး အီကီတိုက်ကိုလည်း ခေါ်ယူထားဖို့ သဘောတူညီမှု ရရှိထားတာပါ။
ဒါကြောင့် လီဗာပူးလ်အသင်းရဲ့ အခုနွေရာသီအသုံးစရိတ်ဟာ ပေါင်သန်း (၃၀၀) နီးပါးအထိ ရှိလာခဲ့ပေမဲ့ ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ ကိုလံဘီယာတိုက်စစ်ကစားသမား ဒီယက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ရီးယဲလ်မက်ဒရစ်တိုက်စစ်ကစားသမား ရိုဒရီဂိုကို အလိုရှိနေတာ ဖြစ်ပါတယ်။
စပိန်နဲ့ ဂျာမန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းဟာ ရိုဒရီဂိုကို ခေါ်ယူဖို့အတွက် ရီးယဲလ်မက်ဒရစ်အသင်းနဲ့ တိုက်ရိုက်ဆွေးနွေးနေတယ်လို့ သိရပါတယ်။
အသက် (၂၄) နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်ကစားသမား ရိုဒရီဂိုဟာ နည်းပြသစ် အလွန်ဆိုလက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာကြောင့် အခုနွေမှာ အသင်းပြောင်းရွှေ့မယ်လို့ သတင်းထွက်နေသူလည်း ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ရိုဒရီဂိုအပြင် လိုင်ယွန်အသင်းက ဘယ်လ်ဂျီယံလူငယ်တိုက်စစ်ကစားသမား မာလစ်ဖိုဖာနာ (၂၀ နှစ်)ကိုလည်း ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။















