စာရေးဆရာ မောင်သာချို ပင်လုံဆေးရုံကြီး၌ ကွယ်လွန်

စာရေးဆရာ မောင်သာချို ပင်လုံဆေးရုံကြီး၌ ကွယ်လွန်
Published 10 July 2025

စာရေးဆရာ မောင်သာချို ပင်လုံဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်ဟု စာပေအသိုင်းအဝိုင်းမှ သိရသည်။

"စာရေးဆရာမောင်သာချို ယနေ့နံက်(၈)နာရီတွင် ပင်လုံဆေးရုံမှာ ကွယ်လွန်သွားပါပြီ" ဟု ကာတွန်းဆရာ အော်ပီကျယ်က လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဇူလိုင် ၁၀ ရက် နံနက် ၈ နာရီတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၆၇ နှစ်ရှိပြီဖြစ်သည်။

သရော်စာရေးသားခြင်းဖြင့် လူသိများသည့် စာရေးဆရာ မောင်သာချိုမှာ ၂၀၂၁ ခုနှစ်တွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံရကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာတွင် ပြန်လည်လွတ်မြောက်ခဲ့သည်။

ဂျက်ကွမ်းခြံကုန်းဟူသည့် ကလောင်အမည်ဖြင့် သရော်စာများရေးသားခဲ့သည့် စာရေးဆရာမောင်သာချိုအား ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့ သုံးခွကျေးရွာတွင် အဖ ဦးဝင်းသိန်း၊ အမိ တို့က ၁၉၅၈ ခု၊ မတ်လ ၁၁ ရက် အင်္ဂါနေ့တွင် မွေးဖွားခဲ့ပြီးသားသုံးယောက် အနက် အကြီးဆုံးသား ဖြစ်ကာ အမည်ရင်းမှာ ဦးညွန့်သောင်း ဖြစ်သည်။ သုံးခွကျေးရွာ မူလတန်းကျောင်း၊ ကွမ်းခြံကုန်းမြို့ အထက၊ မြောက်ဥက္ကလာ အလက (၁)၊ အထက (၁) တို့၌ ပညာ သင်ကြားခဲ့ပြီး မြောက်ဥက္ကလာ အထက (၁) မှပင် ၁၉၇၇ ခုနှစ်၌ ရူပဗေဒ ဂုဏ်ထူးဖြင့် ဆယ်တန်း အောင်မြင်ခဲ့သည်။

Most Read

Most Recent