မြန်မာအရေးနှင့် မြန်မာအရေး၏ဒေသတွင်း သက်ရောက်မှုများကို အလွန်အမင်းစိုးရိမ်ကြောင်း Quad နိုင်ငံခြားရေးဝန်ကြီးများက ထုတ်ပြန်ခဲ့သည်။
“မြန်မာ့အရေးအတွက် အားလုံးပါဝင်ပြီး တာရှည်ခံသော ငြိမ်းချမ်းသည့် ဖြေရှင်းမှုကို ကြိုးပမ်းရာတွင် ဘုံသဘောတူညီချက် ငါးရပ်ကို ပြည့်ပြည့်ဝဝနဲ့ ထိထိရောက်ရောက် အကောင်အထည်ဖော်ရေးကို တောင်းဆိုခြင်းအပါအဝင် အာဆီယံ၏ကြိုးပမ်းအားထုတ်မှုများက ခိုင်ခိုင်မာမာထောက်ခံကြောင်း ထပ်လောင်းအတည်ပြုကြောင်းကို ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“ကျွန်တော်တို့ဟာ မြန်မာနိုင်ငံက ပိိုမိုဆိုးရွားလာတဲ့ အကျပ်အတည်းနဲ့ အဲဒီအကျပ်အတည်းရဲ့ သက်ရောက်မှုတွေကို အလွန်စိုးရိမ်လျက်ရှိပါတယ်။ အစိုးရအနေနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် သူပေးထားတဲ့ ကတိကို လိုက်နာဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ အပစ်အခတ်ရပ်စဲရေး အစီအမံတွေကို အကောင်အထည်ဖော်ဖို့၊ သက်တမ်းတိုးဖို့၊ ပိုပြီးကျယ်ပြန့်အောင်လုပ်ဖို့ အဖွဲ့အစည်းအားလုံးကို ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု ဇူလိုင် ၂ ရက်တွင် ၀ါရှင်တန်မြို့၌ ကျင်းပခဲ့သော Quad နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင်လူသားချင်း စာနာမှုအကူအညီများကို ဘေးကင်းကင်းဖြင့် အဟန့်အတားမရှိ ပေးပို့ရေးအတွက် အဖွဲ့အစည်းအားလုံးကို တောင်းဆိုကြောင်း၊ ဒေသတွင်း လုံခြုံရေးနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ ပြန့်သွားသည့်အပေါ် အကျပ်အတည်း၏သက်ရောက်မှုကိုလည်း မိမိတို့က စိုးရိမ်ကြောင်း၊ မိမိတို့က ဆိုက်ဘာရာဇဝတ်မှုတွေနဲ့ အွန်လိုင်းလိမ်လည်မှုများကိုလည်း တိုက်ဖျက်နေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မကြာသေးမီကပင် ဂျီနီဗာမြို့ရှိ လူ့အခွင့်အရေး ကောင်စီကို အစီရင်ခံရာတွင် လူ့အခွင့်အရေးအတွက် ကုလသမဂ္ဂမဟာမင်းကြီး ဗောလ်ကာတက်က မြန်မာနိုင်ငံသည် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေသော နိုင်ငံ၊ ဖိနှိပ်ချုပ်ချယ်သော နိုင်ငံ၊ ဆင်းရဲဒုက္ခတို့ နက်ရှိုင်းနေသော နိုင်ငံအဖြစ် ပြောကြားခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံတွင်လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ မြင့်တက်လာခဲ့ပြီး ပြည်သူ ၂၂ သန်းခန့်သည် အကူအညီများ လိုအပ်လျက်ရှိကာ ပြည်သူ ၃ ဒသမ ၅ သန်းသည် လက်နက်ကိုင်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာခဲ့ရသည်ဟု ၎င်းက ပြောကြားခဲ့သည်။
“ကြီးမားလှတဲ့ စိန်ခေါ်မှုတွေရှိနေပေမယ့် လူ့အဖွဲ့အစည်းထဲက ပြည်သူတွေက လူ့အခွင့်အရေးတွေကို အခြေခံပြီး ငြိမ်းချမ်းတဲ့၊ တာရှည်တည်တံ့တဲ့၊ ဒီမိုကရေစီကျတဲ့၊ အမျိုးမျိုးထွေပြားတဲ့ မြန်မာနိုင်ငံကို တည်ဆောက်ဖို့ ကြိုးပမ်းနေကြပါတယ်” ဟု တက်က ပြောကြားခဲ့သည်။















