မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ ဘူရားတီးရားပြည်နယ်ရှိ မီးရထားစက်ရုံနှင့် လေယာဉ်စက်ရုံများကြား ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိကြောင်း နစက ဥက္ကဋ္ဌ ပြောကြား

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ ဘူရားတီးရားပြည်နယ်ရှိ မီးရထားစက်ရုံနှင့် လေယာဉ်စက်ရုံများကြား ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိကြောင်း နစက ဥက္ကဋ္ဌ ပြောကြား
Published 30 June 2025

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ ဘူရားတီးရားပြည်နယ်ရှိ မီးရထားစက်ရုံနှင့် လေယာဉ်စက်ရုံများကြား ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Buryatia ပြည်နယ်၊ Ulan-Ude LVRZ မီးရထားစက်ခေါင်းနှင့် ရထားတွဲပြုပြင်ရေး စက်ရုံသို ရောက်ရှိလေ့လာစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲတို့ သည် Buryatia မှ Arigus၊ ATV၊  Tivicom တို့ အပါအဝင် ဒေသခံမီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားရာတွင် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အခု ဒီနေ့ ကျွန်တော်လာကြည့်တဲ့ မီးရထားစက်ရုံလုပ်ငန်း အပါအဝင် စောစောပိုင်းက လေယာဉ် စက်ရုံလည်း ကျွန်တော် သွားကြည့်ခဲ့တယ်။ ဒါတွေကတော့ ကျွန်တော်တို့ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ဖို့ အတွက် အလားအလာရှိတဲ့နေရာတွေ ဖြစ်ပါတယ်။ ဒါပြီးလို့ရှိရင် Buryatia မှာ လည်း ဒီပြည်နယ်က ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ ပြည်နယ်သူ ပြည်နယ်သားတွေ ရှိတယ်။ မြန်မာနိုင်ငံကလည်း ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်တဲ့အခါကျတော့ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေက အလားအလာတွေလည်း ရှိတယ်။ နောက် ကျန်းမာရေးနဲ့ပတ်သက်တာတွေ ရှိတယ်။ နောက် ဝန်ကြီးချုပ် ကမ်းလှမ်းထားတဲ့ ပညာသင်ကြားရေးနဲ့ပတ်သက်တဲ့ ကမ်းလှမ်းချက်လည်း ရှိတယ်” ဟု နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

ထို့ပြင် ပညာရေးအတွက် ပူးပေါင်းဆောင်ရွက်များလည်း ရှိလာမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့်ပတ်သက်သည့် လုပ်ငန်းများ ဆွေးနွေးပြီး ဆောင်ရွက်သွားရန် ရှိလိမ့်မည်ဖြစ်ကြောင်းနှင့် ဆောင်ရွက်ရန် နယ်ပယ်များ များစွာရှိကြောင်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

ဘူရားတီးရားပြည်နယ်သို့ လာရောက်သည့် ခရီးစဉ်အတွင်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အား ဘူရားတီးရား ပြည်နယ်၏ အလှအပနှင့် သန့်ရှင်းမှုများနှင့်ပတ်သက်၍ ဒေသခံ မီဒီယာများ မေးမြန်းမှုကို “အင်မတန် စိတ်ချမ်းသာရပါတယ်၊ လာရတာ။ သာယာလှပတဲ့ ဒေသတစ်ခုပေါ့။ ကျွန်တော်တို့  မြန်မာနိုင်ငံနဲ့ရင်းနှီးတဲ့ ပတ်ဝန်းကျင်တစ်ခုကို ကျွန်တော်လာရတယ်လို့ ခံစားရပါတယ်။ ကျွန်တော် သုံးကြိမ်ရှိပြီ လာတာ။ ကိုယ့်ဒေသကို လာရသလို ကျွန်တော် ရင်းနှီးတဲ့စိတ် ရှိပါတယ်။ နောက်ထပ်လည်း လာနိုင်ဖို့ ကျွန်တော် ကြိုးစားဦးမယ်လို့ ပြောလိုပါတယ်” ဟု နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည် ဖြေကြားသည်။

ဘူရားတီးရားပြည်နယ် ပြည်နယ်အကြီးအကဲက “ကျွန်တော်တို့ပြည်နယ်နဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေလည်း အများကြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့ မကြာမီနှစ်အတွင်းက ကျွန်တော်တို့ Rapid Bio ကို မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ဆေးဝါးနည်းပညာနဲ့ပတ်သက်ပြီး ပစ္စည်းတင်သွင်းဖို့အတွက် Register တွေ လုပ်နေတာလည်း ရှိပါတယ်။ ကျွန်တော်တို့ Ulan-Ude က ထုတ်ထားတဲ့၊ ရဟတ်ယာဉ်စက်ရုံကနေပြီးတော့ ထုတ်ထားတဲ့ ရဟတ်ယာဉ်တွေကလည်း မြန်မာနိုင်ငံမှာ အခုဆို နှစ်အကြာကြီးအထိ အသုံးပြုနေတာတွေ ရှိပါတယ်။ လက်ရှိအချိန်မှာလည်း အသုံးပြုနေသလို အနာဂတ်မှာလည်း ရဟတ်ယာဉ်နဲ့ပတ်သက်ပြီးတော့ ပို့ဆောင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းတွေ အများကြီးလုပ်ဖို့အတွက် စီစဉ်ထားတာ ရှိပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် လေ့လာရေးခရီးစဉ်အတွင်း TMH Holding ကုမ္ပဏီမှ ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်ပြီး ရှင်းလင်းပြခဲ့ကြောင်း၊ လာမည့် အနာဂတ်တွင်လည်း မြန်မာနိုင်ငံနှင့် ပူးပေါင်းပြီး အဆိုပါနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက်လည်း ဆွေးနွေးရန်အတွက် စီစဉ်ထားခြင်းများ ရှိကြောင်း ဘူရားတီးရားပြည်နယ် ပြည်နယ်အကြီးအကဲ က ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ ဒီပညာရေးပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်လို့ရှိရင်တော့ မြန်မာနိုင်ငံကနေပြီးတော့ ရုရှာဘာသာစကား ပညာသင်ကြားတဲ့ ဆရာတွေအနေနဲ့ ထပ်ဆင့်သင်တန်းတွေ ပေးဖို့၊ အဆင့်မြင့် သင်တန်းတွေ ပေးဖို့အတွက်ကို Buryatia မှာ သင်ပေးနိုင်သလို၊ ကျွန်တော်တို့ Buryatia မှာရှိတဲ့ တက္ကသိုလ်မှာလည်း မြန်မာဘာသာစကားကို သင်ကြားဖို့အတွက် မြန်မာဘာသာစကားဌာန ဖွင့်ဖို့အထိလည်း ရည်ရွယ်ပြီးတော့ ဆောင်ရွက်နေတာ ရှိပါတယ်။ ကျွန်တော်အနေနဲ့ ဒီနေ့ မြန်မာနိုင်ငံကလာတဲ့ အထူးဧည့်သည်တော်တွေကို ရေကန်ကို လိုက်လံပြသပေးပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကလည်း ကျွန်တော်ကိုယ်တိုင်ဦးဆောင်ပြီးတော့ မြန်မာနိုင်ငံကို  Delegation သွားရောက်ခဲ့တာ ရှိပါတယ်။ သွားရောက်ခဲ့တဲ့ အချိန်မှာလည်း မြန်မာနိုင်ငံကနေပြီးတော့ ကျွန်တော်တို့ကို လှိုက်လှဲစွာ ကြိုဆိုခဲ့တာတွေလည်း ရှိပါတယ်” ဟု ဘူရားတီးရားပြည်နယ် ပြည်နယ်အကြီးအကဲ က ပြောကြားသည်။

မြန်မာနိုင်ငံက သာယာလှပသည့် အလှတရားများ၊ ယဉ်ကျေးမှုများကို မိမိတင်မကဘဲနှင့် Delegation အဖွဲ့ဝင်အားလုံးက ခံစားခဲ့ရခြင်းကြောင့် နှစ်နိုင်ငံအကြား Tourism အခန်းကဏ္ဍကို မြှင့်တင်ရန်အတွက်လည်း လျာထား စီစဉ်ထားကြောင်း ဘူရားတီးရားပြည်နယ် ပြည်နယ်အကြီးအကဲ က ပြောကြားသည်။

Most Read

Most Recent