ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ်က သူတို့အသင်းအနေနဲ့ UEFA Nations League ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရည်မှန်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။
၂၀၂၄-၂၅ ရာသီ UEFA Nations League ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေကို ဂျာမနီနိုင်ငံမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ဆီမီးဖိုင်နယ်မှာ ဂျာမနီနဲ့ ပေါ်တူဂီ၊ စပိန်နဲ့ ပြင်သစ်တို့ ထိပ်တိုက်တွေ့ဆုံနေတာပါ။ ဂျာမနီနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ UEFA Nations League ဆီမီးဖိုင်နယ်ပွဲစဉ်ကိုတော့ ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
ပေါ်တူဂီနည်းပြ မာတီနက်ဇ်က သူတို့အသင်းဟာ UEFA Nations League ဆီမီးဖိုင်နယ်ရောက် အသင်းတွေဖြစ်တဲ့ ဂျာမနီ၊ စပိန်နဲ့ ပြင်သစ်တို့လို အဆင့်အတန်းမျိုးရှိပြီး ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရည်မှန်းထားတယ်လို့ ပြောကြားခဲ့တာပါ။
မာတီနက်ဇ်က "ကျွန်တော်တို့အသင်းအနေနဲ့ ဂျာမနီ၊ စပိန်နဲ့ ပြင်သစ်တို့ကို ပါရမီပိုင်းမှာရော ခြေစွမ်းပိုင်းမှာပါ ကောင်းကောင်းယှဉ်ပြိုင်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲအောင်ဖို့နဲ့ ယူရိုပြိုင်ပွဲမှာ ဗိုလ်လုပွဲလောက်ရောက်ဖို့က ပေါ်တူဂီအသင်းရဲ့ အနိမ့်ဆုံးရည်မှန်းချက် ဖြစ်ပါတယ်။ Nations League ပြိုင်ပွဲကတော့ ကျွန်တော်တို့ ဗိုလ်စွဲဖို့ ရည်မှန်းထားတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ နိုင်ငံလက်ရွေးစင်အသင်းအဆင့်မှာ ပြိုင်ပွဲတွေ ရှားပါးတာကြောင့် ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတိုင်းမှာ အနိုင်ရဗိုလ်စွဲဖို့က ကျွန်တော်တို့ရဲ့ ပထမဦးစားပေး ဖြစ်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
ပေါ်တူဂီလက်ရွေးစင်အသင်းဟာ ၂၀၁၈-၁၉ ရာသီက စတင်ကျင်းပခဲ့တဲ့ UEFA Nations League ပြိုင်ပွဲမှာ ချန်ပီယံဆုကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တဲ့အသင်းအဖြစ် မှတ်တမ်းဝင်နေပြီး အခုပြိုင်ပွဲမှာ ဒုတိယအကြိမ်မြောက် ဗိုလ်စွဲဖို့ ရည်မှန်းနေတာလည်း ဖြစ်ပါတယ်။















