ဘာစီလိုနာက အနာဂတ် Ballon d'Or ပိုင်ရှင် ယမားလ်ကို သံယောဇဉ်ကြိုး ခိုင်မာသထက်ခိုင်မာအောင် ချည်နှောင်လိုက်ပြီ။ ယမားလ်က ဘာစီလိုနာရဲ့အနာဂတ်။ ဘောလုံးလောကရဲ့အနာဂတ်ပါ။ သူနဲ့၂၀၂၅-၂၆ ရာသီအထိ စာချုပ်သက်တမ်း ကျန်နေသေးပေမဲ့ ဘာစီလိုနာက ဆုံးရှုံးရမှာ စိုးထိတ်စိတ်ကြောင့် ၂၀၃၁ ခုနှစ်အထိ သက်တမ်း ရှည်စာချုပ် ချုပ်ဆိုလိုက်တာပါ။
ဘာစီလိုနာက အနာဂတ် Ballon d'Or ပိုင်ရှင် ယမားလ်ကို သံယောဇဉ်ကြိုး ခိုင်မာသထက်ခိုင်မာအောင် ချည်နှောင်လိုက်ပြီ။ ယမားလ်က ဘာစီလိုနာရဲ့အနာဂတ်။ ဘောလုံးလောကရဲ့အနာဂတ်ပါ။ သူနဲ့၂၀၂၅-၂၆ ရာသီအထိ စာချုပ်သက်တမ်း ကျန်နေသေးပေမဲ့ ဘာစီလိုနာက ဆုံးရှုံးရမှာ စိုးထိတ်စိတ်ကြောင့် ၂၀၃၁ ခုနှစ်အထိ သက်တမ်း ရှည်စာချုပ် ချုပ်ဆိုလိုက်တာပါ။
ယမားလ်က အသက် (၁၅)နှစ်အရွယ်ကတည်းက ဘာစီလိုနာအတွက် ထူးချွန်ပြနေတာပါ။ ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာအတွက် (၁၈)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၂၅) ကြိမ် ပြုလုပ်ပြီး လာလီဂါ၊ စပိန်ဘုရင့်ဖလား၊ စပိန်စူပါဖလားတွေ ယမားလ် ပိုင်ဆိုင်ခဲ့ပါတယ်။ ယမားလ်က အသက်(၁၈)နှစ် မပြည့်ခင်မှာပဲ ဘာစီလိုနာအတွက် (၁၁၅)ပွဲ ကစားပြီးပါပြီ။ ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးနဲ့ ရာပြည့်ပွဲကစားနိုင်သူအဖြစ် စံချိန်တင်ထားပါတယ်။
ဘာစီလိုနာကြယ်ပွင့် ယမားလ်က နှစ်ပေါင်းငါးဆယ်မှ တစ်ယောက် မြင်ရနိုင်တဲ့ ကြယ်ပွင့်ဆိုပြီး အင်တာမီလန်နည်းပြ ဆီမြွန်နီအင်ဇာဂီတင်စား ပြောဆိုခဲ့တယ်။ ယမားလ်ရဲ့ယိမ်းနွဲ့ကစားဟန်ဟာ အနုပညာဆန်တယ်။ ယမားလ်က ဘယ်ခြေအားသန်ပြီး Skill ကြွယ်ဝသူပါ။ သူ့ကစားဟန်က လာမာစီယာအကယ်ဒမီထွက် ကစားသမားတွေအတိုင်း ဆွဲဆောင်မှုရှိလွန်းတယ်။ တစ်ဦးချင်း ကျော်ဖြတ်ပုံ၊ တိုက်စစ်အမြင်၊ အဆုံးသတ်စွမ်းရည်နဲ့ မြန်နှုန်းမြင့်ကစားဟန်၊ ကောင်းမွန်ထက်မြက်ပါတယ်။ ယမားလ်က အနာဂတ် Ballon d'Or ဆု ရှင်အဖြစ်လည်း နိမိတ်ဖတ်ခံရတယ်။ ဘောလုံးလောကရဲ့ GOAT မက်ဆီက ယမားလ် ကစားတာကြည့်ပြီး မက်ဆေ့ချ်ပို့၊ ဂုဏ်ပြုဖူးပါတယ်။
ဘာစီလိုနာလူငယ်ကြယ်ပွင့်ကစားသမား ယမားလ်က ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား မက်ဆီနဲ့ နှိုင်းယှဉ်ခံရလို့ ဂုဏ်ယူမိပေမဲ့ သူဟာ မက်ဆီလို အဆင့်အတန်းမျိုးရောက်ဖို့ မဖြစ်နိုင်ကြောင်း ဝန်ခံခဲ့ပါတယ်။ ဘောလုံးလောကမှာ မက်ဆီ၊ စီရော်နယ်ဒို၊ မာရာဒိုနာတို့ထက် ပိုပြီးထူးချွန်သူမရှိဘူးလို့ အစွဲ ကြီးပါတယ်။ ဒါပေမဲ့ ယမားလ်ကြောင့် အဲဒီအစွဲ ကျွတ်တော့မယ်။ အွန်နရီလို မှော်ဆရာတစ်ဦးက ယမားလ်ကစားတာ ကြည့်ပြီး ကြွေဆင်းနေတယ်။ ယမားလ်က ပြိုင်ဘက်ခံစစ်ကစားသမားတွေကို လှလှပပကျော်ဖြတ်ပြနေတယ်။ တကယ်မယုံ ကြည်နိုင်စရာစွမ်းရည်ပါ။
အသက် (၁၇)နှစ်အရွယ်မှာ ယမားလ် ပြသနေတဲ့စွမ်းဆောင်ရည်က မက်ဆီနဲ့ စီရော်နယ်လ်ဒို နှစ်ဦးစလုံးထက်များစွာသာလွန်နေပါပြီ။ စံချိန်မှတ်တမ်းကောင်းတွေလည်း ပိုင်ဆိုင်ထားပါတယ်။ လက်ရှိရာသီမှာ ယမားလ်နဲ့အတူ Ballon d'Or မျှော်လင့်ချက်ရှိသူတွေက ဆာလာ၊ ရာဖင်ညာ၊ ဘာပေ၊ ဗင်နီစီယပ်စ်တို့ပါ။ အဲဒီကစားသမားတွေထဲ ဆာလာက နှစ်ကာလများစွာ ထူးချွန်သူအဖြစ် သက်သေပြပြီးပြီ။ အသက် (၃၂) နှစ်အရွယ်အထိ ဆာလာရဲ့သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ မရပ်တန့်သေးဘူး။ ယမားလ်ကအခုမှ မှော်ဝင်ခရီးကို စတင် ဖြတ် သန်းရုံ ရှိပါသေးတယ်။
ဒါပေမဲ့ ဆယ်ကျော်သက်တွေကို ဆာလာနဲ့ ယမားလ် ဘယ်သူ့ကို ပိုကြိုက်လဲမေးရင် ယမားလ်လို့ပဲ ဖြေလိမ့်မယ်။ သူတို့က မျိုးဆက်တူကြယ်ပွင့်တွေကိုပဲ သိကြတယ်။ အသက်သုံးဆယ်ကျော် ဆာလာရဲ့ထည်ဝါမှုကို သိလည်း ဆယ်ကျော်သက် အချင်းချင်း ပိုပြီးရင်းနှီးချစ်ခင်ပါတယ်။ ဆာလာထက် ယမားလ်ကိုပဲ Gen Z တွေ အားပေးမှာပါ။ ဘောလုံးကမ္ဘာက သူရဲကောင်းအသစ်တွေ မျှော်နေပါတယ်။ အယ်လ်ဖြူရဲ့သီချင်းစာသားလို "အဟောင်းကြီးတော့မလုပ်နဲ့၊ အားလုံးက ပျင်းတယ်" ဖြစ်နေပါပြီ။ ယမားလ်က အသစ်ပါ။
ဘာစီလိုနာကနေ ယမားလ် မထွက်ချင်တဲ့ အကြောင်းရင်းက ရှင်းပါတယ်။ ယမားလ်အတွက်ဘာစီလိုနာဟာ မိသားစုဖြစ်နေလို့ပါပဲ။ သူ့ကို အမြဲ တမ်းစောင့်ရှောက်၊ ပြုစုပျိုးထောင်ပေးတဲ့နေရာ ဖြစ်နေလို့ပါပဲ။ လူ့လောကအကြောင်းသိအောင်၊ ကမ္ဘာကြီးအကြောင်းသိအောင် ဘာစီလိုနာက သင်ကြားပေးခဲ့တာမဟုတ်လား။ ယမားလ်ရဲ့ မိသားစုဝင်တွေကလည်း လေလွင့်စိတ်မဖြစ်အောင် ထိန်းကျောင်းပေးခဲ့တယ်။ ညဆိုရင် လူငယ်သဘာ၀ ဟိုဟိုဒီဒီ လျှောက်မသွားအောင် ထိန်းကျောင်းပေးခဲ့ပါတယ်။ ယမားလ်စိတ်ထဲမှာလည်း ဘောလုံးကလွဲပြီး အခြားမရှိခဲ့ဘူး။ လမ်းမထက်မှာ ဘောလုံးကစားရင်း ကမ္ဘာကြီးဆီ အရောက်သွားခဲ့သူဟာ လူငယ်တိုင်းရဲ့ Idol ဖြစ်လာတယ်။ လူငယ်တစ်ယောက် ရဲ့ရာဇဝင်ကို ယမားလ်က ခမ်းခမ်းနားနား ရေးထိုးပြနေတယ်။ လက်ရှိရာသီ ဘာစီလိုနာဟာ နည်းပြ ဟန်ဆီဖလစ်ခ်နဲ့အတူ စိတ်ကူးတွေမြင့်မားစွာ ရွက်လွှင့်နေပါတယ်။ ဘာစီလိုနာရဲ့သန်မာမှုတွေကို ပြန်ပြီးခံစားခွင့်ရလာတယ်။ ယမားလ်ရဲ့ပါရမီအစွမ်းကိုလည်း မြင်နေရတယ်။
ဘဝမှာဖြစ်ချင်တာတွေ မဖြစ်ရတာကြာတော့မျှော်လင့်အိပ်မက်နဲ့စိတ်ကူးတွေ လွင့်ပြယ်ကုန်တယ်။ တရားသဘောကို နှလုံးသွင်းထားတာ မဟုတ်ဘဲ လေလွင့်စိတ်တွေက ကြီးစိုးနေတာပါ။ ကျွန်တော်ချစ်တဲ့ ရုပ်ရှင်၊ ဂီတ၊ စာပေအနုပညာနဲ့ ဘောလုံးပွဲတွေကို အရင်ကလောက် မခံစားဖြစ်ဘူး။ အဲဒီအရာတွေနဲ့ပတ်သက်ရင် အတိတ်ပုံရိပ်ကပဲထပ်ခါတလဲလဲ စိုးမိုးနေခဲ့ပါတယ်။ ခေတ်ပျက်ကြီး ကပေးလိုက်တဲ့ ထရော်မာတွေဖြစ်နေမလားပဲ။ ယမားလ်က ထရော်မာတွေ မေ့အောင်ဖျော် ဖြေနေတယ်။ ယမားလ် ကစားတာကြည့်ပြီး ကျွန် တော်တို့ နှလုံးသားတွေ ထကြွရတယ်။ အကုန်လုံးထက၊ အကုန်လုံးထကြွ Acid ရဲ့စတင်ခြင်း သီချင်းလိုပဲ။ ယမားလ်ရဲ့ကစားသမားဘဝက အခုမှ စတင်ခြင်းပါ။ ဒါပေမဲ့ သူက အရာအားလုံး သိမ်း ပိုက်မယ့် မှော်ဆရာလို ရှင်သန်ပြနေတယ်။
လူငယ်တွေနဲ့ ဘာစီလိုနာတစ်ခေတ်
ဟန်ဆီဖလစ်ခ်လက်ထက်မှာ ရီးယဲလ်လွှမ်း မိုးမှုကို ဘာစီလိုနာ အပြီးတိုင်ချေမှုန်းပစ်လိုက်တယ်။ ချန်ပီယံဆုတွေ သိမ်းပိုက်ရုံသာမကဘဲ ရီးယဲလ်ဘယ်လိုမှနာလန်မထူအောင် ဘာစီလိုနာလုပ်ပြခဲ့တာပါ။ လက်ရှိရာသီမှာ ဘာစီလိုနာက ရီးယဲလ်ကို လေးကြိမ်စလုံး အနိုင်ယူပြီး နာမ်နှိမ် ပြခဲ့တယ်။ စပိန်စူပါဖလား၊ စပိန်ဘုရင့်ဖလား၊ လာလီဂါဖလားတွေမှာ ဘာစီလိုနာက ရီးယဲလ်ကို ထပ်ခါထပ်ခါ အနိုင်ယူပြီး အောင်ပွဲခံခဲ့တာပါ။ ဟန်ဆီဖလစ်ခ် ဦးဆောင်တဲ့ လူငယ်အစုအဖွဲ့က အဘိုးအိုကြီး အန်ဆယ်လော့တီကို လာလီဂါကနေ ထွက်ပြေးအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ ဟန်ဆီဖလစ်ခ်နဲ့ ဘာစီလိုနာတစ်ခေတ် စတင်ချိန်ပါပဲ။
လူငယ်တွေရဲ့လမ်းဟာ အမြဲတမ်းသံသယဝင်ခဲ့ရတယ်
၁၉၉၅-၉၆ ရာသီစတင်ချိန်မှာ လီဗာပူးလ် နောက်ခံလူဟောင်း အလန်ဟန်ဆန်က "လူငယ်တွေနဲ့ ဘာမှဖြစ်လာမှာမဟုတ်ဘူး" ဆိုပြီး ဖာ ဂူဆန်ရဲ့မန်ယူအသင်းကို လှောင်ပြောင်ခဲ့တယ်။ ဒါပေမဲ့ ၁၉၉၅ -၉၆ ရာသီမှာ ဖာဂူဆန်ရဲ့လူငယ်တွေ နဲ့ မန်ယူအသင်းက ပရီးမီးယားလိဂ်၊ FA ဖလားတွေ ယူပြပြီး ဝေဖန်သံတွေကို တိတ်ဆိတ်စေခဲ့တယ်။ မန်ယူရဲ့ ၉၂မျိုးဆက်က ပရီးမီးယားလိဂ်မှာ ခေတ်တစ်ခေတ် တည်ထောင်နိုင်ခဲ့တာပါ။
အခုလည်း ဟန်ဆီဖလစ်ခ်ရဲ့ဘာစီလိုနာအသင်းက လူငယ်တွေနဲ့ နုပျိုသူရဲကောင်းတွေအဖြစ် မှော်ဆန်ဆန်တည်ရှိနေတယ်။ ဘာစီလိုနာ လူငယ်တွေက အထိတ်အလန့် မရှိဘူး။ အသက် (၁၇)နှစ်အရွယ် ယမားလ်၊ အသက် (၁၈)နှစ်အရွယ် ကူဘာဆီ၊ အသက် (၂၂)နှစ်အရွယ် ပတ်ဒရီတို့နဲ့ ဘာစီလိုနာအသင်းက ဂွါဒီယိုလာရဲ့၂၀၀၈ ကနေ ၂၀၁၁ ကာလတွေက ဘာစီလိုနာလူငယ်အစု အဖွဲ့နဲ့ ခိုင်းနှိုင်းခံနေရပြီ။ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် လာမာစီယာအကယ်ဒမီကို ပိုပြီး အားကိုးလာရချိန်မှာ အနုပျိုဆုံး လာလီဂါချန်ပီယံ အသင်းကို ရှုစားခွင့်ရတာပါ။ လက်ရှိ ဘာစီလိုနာအသင်းရဲ့ပျမ်းမျှအသက်က (၂၅)နှစ်သာရှိပြီး အသက်အငယ်ဆုံး လာလီဂါအသင်းအဖြစ် ရပ်တည်နေပါတယ်။
လာလီဂါရဲ့လစာငွေထိန်းချုပ်မှု စည်းမျဉ်းကြောင့် ဘာစီလိုနာက ကစားသမားတချို့ကို မှတ်ပုံတင်ခွင့်မရဘူး။ အဲဒီအခြေအနေကလည်း ဘာစီလိုနာအတွက် သိက္ခာကျစရာကောင်းခဲ့ပါတယ်။ ဘာစီလိုနာကို ဟန်ဆီဖလစ်ခ် ရောက်လာတော့ ကြယ်ပွင့်ကစားသမားအများစုက ယုံကြည်မှု ပျောက်ဆုံးနေတယ်။ လီဝန်ဒေါစကီး၊ ဒီယွန်းတို့က ကိုယ့်ကိုယ်ကိုယ် သံသယစိတ်ကြီးမားနေတာပါ။ နည်းပြဟောင်း ဇာဗီလက်ထက် ကျရှုံးမှုတွေကြောင့် ထရော်မာဝင်နေတာပါ။ ဟန်ဆီဖလစ်ခ်က သူတို့ကို စည်းရုံးလှုံ့ဆော်တယ်။ ဘာစီလိုနာအတွက် အရေးပါသူတွေဖြစ်ကြောင်း ပြောပြတယ်။ ဟန်ဆီဖလစ်ခ် ရဲ့စိတ်ဓာတ်စစ်ဆင်ရေးကြောင့် လီဝန်ဒေါစကီးနဲ့ ရာဖင်ညာက နတ်ရေကန်ထဲက တက်လာသလို သစ်လွင်ခဲ့တယ်။
ဘာစီလိုနာရဲ့ယဉ်ကျေးမှုဟာ လူငယ်မျိုးဆက်သစ်တွေ လက်ဆင့်ကမ်းသယ်ဆောင်ရင်း ခမ်းနားထည်ဝါခဲ့ပါတယ်။ မက်ဆီက ဂွါဒီယိုလာလက်ထက် ဘာစီလိုနာရဲ့DNA ဖြစ်ခဲ့သလို၊ အခု ယမားလ်က ဘာစီလိုနာရဲ့DNA ဖြစ်နေပါပြီ။ ပတ်ဒရီ၊ ယမားလ်စတဲ့လူငယ်တွေဟာ ဇာဗီလက်ထက်မှာကတည်းက ထင်ရှားပေမဲ့ ဟန်ဆီဖလစ်ခ် လက်ထက်မှာ ပိုပြီးအားကိုးလာရတယ်။ လာမာစီယာလူငယ်တွေက သူတို့ကိုပိုပြီး ယုံကြည်ဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီတောင်းဆိုသံကို ဟန်ဆီဖလစ်ခ် အလေးထားခဲ့တယ်။ ဒီလိုနဲ့ပဲ ဘယ်လ်ဒီ၊ ကာဆာဒိုတို့က ယမားလ်၊ ဂါဘီတို့နဲ့အတူ ဘာစီလိုနာရဲ့အဓိကအသက်သွေးကြော ဖြစ်လာတာပါပဲ။ ဟန်ဆီဖလစ်ခ်က လူငယ်တွေကို ဘယ်လောက် အလေးပေးသလဲဆိုရင် အဝတ်လဲခန်းထဲ ဖွင့်တဲ့သီချင်းကအစ လူငယ်တွေစိတ်ကြိုက် ရွေးချယ်ခွင့်ပေးခဲ့တယ်။ လွတ်လပ်စွာပျံသန်းခွင့်ရတဲ့ ငှက်တွေက ခရီးမိုင်များစွာ ရောက်ရှိသလို၊ ဖိအားမရှိရှင်သန်ခွင့်ရတဲ့ ဘာစီလိုနာလူငယ်တွေဟာလည်း လင်းသထက်လင်းလာကြတယ်။ လာမာစီယာအကယ်ဒမီထွက် ကြယ်ပွင့်တွေပီပီ ဖျော်ဖြေရေးဆန်တဲ့ ကစားဟန်ကို ပြသနိုင်ခဲ့ပါတယ်။
ကစားသမားတွေရဲ့ကစားလိုစိတ်ကိုလည်း ဟန်ဆီဖလစ်ခ်က ကန့်သတ်မထားဘူး။ အကြောင်းပြချက်ကြီးကြီးမားမားမရှိဘဲ အဓိကကစားသမားတွေကို ဟန်ဆီဖလစ်ခ် အနားမပေးပါဘူး။ ယမားလ်နဲ့ ရာဖင်ညာကိုဆိုရင် သူတို့ကိုယ်တိုင် အနားယူချင်စိတ်ရှိမှ ဟန်ဆီဖလစ်ခ်က အနားပေးပါတယ်။ ကစားသမားတွေ ကစားချင်စိတ်ပြင်းပြနေရင် ဟန်ဆီဖလစ်ခ်က ကစားခိုင်းလိုက်တာပဲ။ ဟန်ဆီဖလစ်ခ်က သူ့ကိုယ်သူ ရှင်ဘုရင်တစ်ပါးလို မပြုမူပါဘူး။ မီဒီယာတွေကိုအသုံးချပြီး သူ့ကိုယ်သူ စန်း မတင်ပါဘူး။ လူငယ်တွေကိုယုံကြည်တယ်။ ကစားသမားတွေရဲ့အစွမ်းပိုထက်မြက်အောင် လှုံ့ဆော်နိုင်တယ်။ လွတ်လပ်ပြီး ဖိအားမရှိ၊ ဖျော်ဖြေရေးဆန် တဲ့ဟန်ကို သရုပ်ဖော်တယ်။ လူငယ်တွေရဲ့အဆုံး အစမဲ့ပျံသန်းလိုစိတ်ကို ဟန်ဆီဖလစ်ခ်က အလိုက်သင့်လေးထိန်းကျောင်းရင်း ခေတ်တစ်ခေတ်ကိုအစပျိုးလိုက်ပါပြီ။















