ဘောလုံးကိုရော ဂီတကိုပါ စိတ်ဝင်စားတဲ့ ပရိသတ်တချို့ကတော့ ချန်ပီယံဗိုလ်လုပွဲမတိုင်ခင် ဖျော်ဖြေတင်ဆက်မယ့် Linkin Park ရှိုးအတွက်လည်း ရင်ခုန်နေကြမှာပါ။ ဒါပေမဲ့ ပရိသတ်အများစုကတော့ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံအသစ် ထွက်ပေါ်လာမလား၊ ချန်ပီယံအဟောင်းပဲဖြစ်မလား၊ PSG အသင်း ဖလားသုံးလုံးချန်ပီယံအဖြစ် အောင်ပွဲခံပြီး အင်တာမီလန်အသင်း ဖလားလက်မဲ့ ဖြစ်သွားမလားဆိုတာကိုပဲ ပိုပြီးရင်ခုန်နေကြမှာပါ။ ချန်ပီယံလိဂ်ဆိုတာက ဥရောပရဲ့ အကောင်းဆုံး ကလပ်အသင်းတွေ အားပြိုင်ကြတဲ့ပြိုင်ပွဲဖြစ်တာကြောင့် ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားစရာခံစားမှုတွေ အမြဲတမ်းပေးစွမ်းလေ့ရှိပါတယ်။ ပရိ သတ်အများစု မြင်တွေ့လိုတဲ့ ဗိုလ်လုပွဲမျိုး ဖြစ်မ လာခဲ့ရင်တောင် ချန်ပီယံလိဂ်ဗိုလ်လုပွဲတိုင်းက သူ့ အသွေးအရောင်နဲ့သူ ရင်ခုန်စရာကောင်းပါတယ်။
ဘောလုံးကိုရော ဂီတကိုပါ စိတ်ဝင်စားတဲ့ ပရိသတ်တချို့ကတော့ ချန်ပီယံဗိုလ်လုပွဲမတိုင်ခင် ဖျော်ဖြေတင်ဆက်မယ့် Linkin Park ရှိုးအတွက်လည်း ရင်ခုန်နေကြမှာပါ။ ဒါပေမဲ့ ပရိသတ်အများစုကတော့ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံအသစ် ထွက်ပေါ်လာမလား၊ ချန်ပီယံအဟောင်းပဲဖြစ်မလား၊ PSG အသင်း ဖလားသုံးလုံးချန်ပီယံအဖြစ် အောင်ပွဲခံပြီး အင်တာမီလန်အသင်း ဖလားလက်မဲ့ ဖြစ်သွားမလားဆိုတာကိုပဲ ပိုပြီးရင်ခုန်နေကြမှာပါ။ ချန်ပီယံလိဂ်ဆိုတာက ဥရောပရဲ့ အကောင်းဆုံး ကလပ်အသင်းတွေ အားပြိုင်ကြတဲ့ပြိုင်ပွဲဖြစ်တာကြောင့် ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားစရာခံစားမှုတွေ အမြဲတမ်းပေးစွမ်းလေ့ရှိပါတယ်။ ပရိ သတ်အများစု မြင်တွေ့လိုတဲ့ ဗိုလ်လုပွဲမျိုး ဖြစ်မ လာခဲ့ရင်တောင် ချန်ပီယံလိဂ်ဗိုလ်လုပွဲတိုင်းက သူ့ အသွေးအရောင်နဲ့သူ ရင်ခုန်စရာကောင်းပါတယ်။ အခု ၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲက လည်း ဒီလိုပါပဲ။ ပရီးမီးယားလိဂ်နဲ့ လာလီဂါက နာမည်ကြီးအသင်းတွေ မပါဝင်တဲ့ ဗိုလ်လုပွဲ ဖြစ်လာခဲ့ပေမဲ့ ရင်ခုန်စရာ ကောင်းမြဲကောင်းဆဲလို့ ဆိုရမှာပါပဲ။ ဒီရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်လာတဲ့ အသင်းနှစ်သင်းက ပြင်သစ်ထိပ်သီး PSG နဲ့ အီတလီထိပ်သီး အင်တာမီလန်တို့ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ PSG က ပိုပြီးရေပန်းစားတဲ့အသင်းဖြစ်နေပေမဲ့ အင်တာမီလန်ကို ယုံကြည်နေတဲ့ သူတွေလည်း အများကြီးရှိနေပါတယ်။ ဂျာမန်မြေမှာ ကျင်းပမယ့် ဗိုလ်လုပွဲမှာ ဘယ်အသင်းက ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်သွားနိုင်မလဲ။ PSG လား၊ အင်တာမီလန်လား။ အန်နရီကေးလား၊ အင်ဇာဂီလား။ ဒမ်ဘီလီလား၊ လော်တာရိုမာတီ နက်ဇ်လား။
သတ္တမ နဲ့ ဒုတိယ
ချန်ပီယံလိဂ်ပြိုင်ပွဲကို ဒီရာသီမတိုင်ခင် (၆၉)ကြိမ် ကျင်းပခဲ့ပြီး အကြိမ်(၂၀)ဗိုလ်စွဲခဲ့တဲ့ စပိန်ကလပ်တွေက အအောင်မြင်ဆုံးအဖြစ် ရပ်တည်နေပါတယ်။ ဒါက ဥရောပဖလားဆိုတဲ့အမည်နဲ့ ကျင်းပခဲ့တဲ့ ၁၉၅၅-၅၆ ရာသီကတည်းက စတွက်တာဖြစ်ပြီး လက်ရှိအချိန်အထိ ချန်ပီယံလိဂ်ဖလားကို နိုင်ငံ(၁၀)နိုင်ငံက အသင်းတွေသာ ရယူနိုင်ခဲ့ပါတယ်။ စပိန်နဲ့အတူ အင်္ဂလန်၊ အီတလီ၊ ဂျာမနီ၊ နယ်သာလန်၊ ပေါ်တူဂီ၊ ပြင်သစ်၊ ရိုမေးနီးယား၊ စကော့တလန်နဲ့ ယူဂိုဆလားဗီးယားနိုင်ငံက အသင်းတွေ ရယူခဲ့ကြတာဖြစ်ပြီး ပြင်သစ်လိဂ်က ဥရောပထိပ်တန်းလိဂ်(၅)ခုစာရင်းထဲ ပါဝင်နေပေမဲ့ ချန်ပီယံလိဂ်မှတ်တမ်းကတော့ အတော်လေးနိမ့်ပါးနေပါတယ်။ ပြင်သစ်ကလပ်တွေက ချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၇)ကြိမ်သာ တက်ရောက်နိုင်ခဲ့ဖူးပြီး ဆုဖလားတစ်ကြိမ်သာ ရယူခဲ့ဖူးတာကြောင့်ပါ။ အီတလီကလပ်တွေကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၂၉)ကြိမ် တက်ရောက်ခဲ့ပြီး ဆုဖလား(၁၂)ကြိမ် ရယူနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဖလား ရယူခဲ့တဲ့ အီတလီကလပ်တွေက အေစီမီလန်၊ အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်တို့ဖြစ်ပြီး ပြင်သစ်ပရိသတ်တွေအတွက် တစ်ကြိမ်တည်းသော ချန်ပီယံလိဂ်ဖလား ရယူပေးခဲ့တာကတော့ မာဆေးလ်အသင်း ဖြစ်ပါတယ်။ PSG အသင်းက လက်ရှိအချိန်မှာ ပြင်သစ်ဘောလုံးလောကရဲ့ အင်အားအကြီးဆုံးနဲ့ အအောင်မြင်ဆုံးအသင်းဖြစ်နေပေမဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မှတ်တိုင်စိုက်ထူနိုင်ခြင်း မရှိသေးပါဘူး။ ဒီရာသီမတိုင်ခင် ၂၀၁၉-၂၀ ရာသီတုန်းက ဗိုလ်လုပွဲတစ်ကြိမ်သာ ရောက်ရှိခဲ့ဖူးပြီး အခု ဒုတိယအကြိမ် တက်ရောက်နိုင်ခဲ့တာပါ။ အင်တာမီလန်အသင်းကတော့ ဗိုလ်လုပွဲကို (၇)ကြိမ်မြောက်တက် ရောက်နိုင်ခဲ့တာပါ။ အင်တာမီလန်အသင်းက အ ရင်တက်ရောက်ခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ (၆)ကြိမ်မှာ ချန်ပီယံဆုကို (၃)ကြိမ် ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် အစဉ်အလာပိုင်းမှာတော့ အင်တာမီလန်အသင်းက အသာစီးရရှိနေပြီး ချန်ပီယံလိဂ်မှာ အောင်မြင်မှုနဲ့ ယဉ်ပါးနေတဲ့အသင်း၊ အတွေ့အကြုံကြွယ်ဝနေတဲ့အသင်းလို့လည်း သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ နည်းပြချင်းယှဉ်ရင်တော့ PSG နည်းပြ အန်နရီကေးက အင်တာမီလန်နည်းပြ အင်ဇာဂီထက် ပိုကောင်းတဲ့မှတ်တမ်း ပိုင်ဆိုင်ထားပါတယ်။ အန်နရီကေးက ဘာစီလိုနာအသင်းကို ကိုင်တွယ်စဉ် ၂၀၁၄-၁၅ ရာသီတုန်းက ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ဖူးတာကြောင့်ပါ။ အင်ဇာဂီက တော့ ဗိုလ်လုပွဲအထိပဲ ရောက်ရှိဖူးပါတယ်။ အင်ဇာဂီက ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ရာသီမှာ အင်တာမီ လန်နဲ့အတူ ပထမအကြိမ် ဗိုလ်လုပွဲရောက်ရှိခဲ့ပြီး ဒီရာသီမှာ ဒုတိယအကြိမ် ထပ်ရောက်လာခဲ့တာပါ။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှတ်တမ်းချင်း နှိုင်းယှဉ်မယ်ဆိုရင်တော့ အန်နရီကေးရော အင်ဇာဂီပါ ဒုတိယအကြိမ်မြောက် ရောက်ရှိကြခြင်းပါပဲ။ အန်နရီကေးက ဘာစီလိုနာအသင်းနဲ့ ပထမဆုံးအကြိမ် တက် ရောက်နိုင်တဲ့ရာသီမှာ ဆုဖလား အရယူနိုင်ခဲ့ပြီး အင်ဇာဂီက ပထမအကြိမ်မှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရ တာတစ်ခုပဲ ခြားနားချက်ရှိပါတယ်။ အခုနှစ်ဦး ထိပ် တိုက်ရင်ဆိုင်ရမယ့် ဗိုလ်လုပွဲမှာ အန်နရီကေးရဲ့ PSG အသင်း ပိုပြီးရေပန်းစားနေတာကတော့ ရာသီအဆုံးသတ်ပိုင်းမှာ နိုင်ပွဲတွေ ဆက်တိုက်ရယူ၊ အောင်ပွဲတွေ ဆက်တိုက်ရယူပြီး ဖိအားကင်းကင်းနဲ့ ခြေစွမ်းပြနေတာကြောင့်လို့လည်း ဆိုနိုင်ပါတယ်။ ပြင်သစ်လီဂူးချန်ပီယံဆုကို စောစောစီးစီး ရယူနိုင်ခဲ့တဲ့ PSG အသင်းက ပြင်သစ်ဖလားကိုလည်း မလွတ်တမ်းရယူပြီး ဖလားသုံးလုံးအောင်ပွဲနဲ့ လက်တစ်ကမ်းအကွာကို ရောက်ရှိလာပါတယ်။ တကယ်တော့ အင်တာမီလန်အသင်းကလည်း ဖလားသုံးလုံးလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခွင့် ရခဲ့တာပါပဲ။ ဒါပေမဲ့ ဧပြီလအတွင်းမှာ မျှော်လင့်ချက်တွေ တစ်ခုပြီးတစ်ခု ပျက်စီးခဲ့ပါတယ်။ စီးရီးအေမှာ ဘိုလော့ဂ်နာနဲ့ ရိုးမားကို နှစ်ပွဲဆက်ရှုံးပြီး ပထမနေရာက ဖယ်ပေးခဲ့ရသလို၊ ကိုပါအီတာလီယာမှာလည်း မြို့ခံပြိုင်ဘက် အေစီမီလန်ကို ရှုံးနိမ့်ပြီး ဆီမီးဖိုင်နယ်အဆင့်က ထွက်ခဲ့ရပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်မှာတော့ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့လို ထိပ်သီးပြိုင်ဘက်တွေကို အလဲထိုးပြီး ဗိုလ်လုပွဲအထိ တက်လှမ်းလာခဲ့တာပါ။ ဒါကြောင့် ပြည်တွင်းမှာ ယိမ်းယိုင်မှုတွေ ရှိခဲ့ပေမဲ့ ချန်ပီယံလိဂ်မှာတော့ လျှော့တွက်လို့ မရနိုင်ပါဘူး။
အီတလီ နဲ့ ပြင်သစ်
ဆုဖလားအောင်ပွဲအတွက် တစ်ပွဲတည်းနဲ့ အဆုံးအဖြတ်ခံယူရမယ့် အခြေအနေမှာ အသင်းတိုင်းက အစွမ်းအစအကုန်ထုတ်သုံးတော့မှာလည်း သေချာပါတယ်။ အကြမ်းဖျင်းသုံးသပ်မယ်ဆိုရင်တော့ ချန်ပီယံလိဂ်ဖလားကို PSG အသင်းက ပိုပြီးလိုချင်တပ်မက်နေလိမ့်မယ်လို့ ယူဆစရာ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ မရဖူးသေးတဲ့ ဆုဖလားဖြစ်သလို၊ ဒီဆုဖလားကို ရယူနိုင်ဖို့အတွက်ပဲ ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ပြီး ဦးတည်လျှောက်လှမ်းနေခြင်းဖြစ်တာကြောင့်ပါ။ ဒါပေမဲ့ အင်တာမီလန်အသင်းကလည်း ချန်ပီယံလိဂ်အောင်ပွဲနဲ့ ဝေးနေတာ (၁၅)နှစ်ရှိသွားပါပြီ။ နာမည်ကျော်နည်းပြ မော်ရင်ဟိုလက်ထက် ၂၀၀၉-၁၀ ရာသီမှာ ချန်ပီယံလိဂ်ဖလား ရယူခဲ့ပြီးကတည်းက ဝေးကွာနေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အင်တာ မီလန်အသင်းကလည်း ချန်ပီယံလိဂ်ဖလား ပြန်ယူ နိုင်ဖို့ လိုလားနေမှာပါပဲ။ ပြီးတော့ ဆုဖလားအောင် ပွဲဆိုတာက လုံလောက်ပြီ၊ ထပ်မလိုတော့ဘူးလို့ သဘောထားရတဲ့ အရာမျိုးလည်း မဟုတ်ပါဘူး။ အဲဒီလိုသာဆိုရင် ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ချန်ပီယံလိဂ်အောင်ပွဲတွေက တစ်ကြိမ်ပြီးတစ်ကြိမ် ထပ်တိုးလာမှာ မဟုတ်ပါဘူး။ ချန်ပီယံလိဂ်ဖလားဆိုတာက အသင်းအတွက် ဂုဏ်သိက္ခာအရရော ငွေကြေးအကျိုးအမြတ်ပိုင်းအရပါ တန်ဖိုးကြီးတဲ့ အရာလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ထိပ်တန်းအဆင့်မှာမရှိတဲ့အသင်းတွေ မျှော်မှန်းဖို့ မ လွယ်တဲ့ ဆုဖလားတစ်ခုလည်း ဖြစ်လာခဲ့တာပါ။ ချန်ပီယံလိဂ်ဖလားကို နယ်သာလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ စကော့တလန်တို့လို နိုင်ငံကအသင်းတွေ ရယူနိုင်ခဲ့တယ်ဆိုပေမဲ့ အဲဒီအသင်းတွေ အနားမကပ်နိုင်တာ ဆယ်စုနှစ်(၂)ခုကျော် ကြာမြင့် နေပါပြီ။ ၂၀၀၄-၀၅ ရာသီကစပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဥရောပထိပ်သီးလိဂ်(၅)ခုက အသင်းတွေသာ တက်ရောက်နိုင်ခဲ့တာပါ။ အဲဒီထဲမှာမှ လိဂ်အဆင့်အတန်း အနိမ့်ဆုံးဖြစ်တဲ့ ပြင်သစ်လိဂ်က ဗိုလ်လုပွဲတက်ရောက်နိုင်မှု အနည်းဆုံးဖြစ်ခဲ့တဲ့အပြင် ဆုဖလားလည်း ရယူနိုင်ခြင်းမရှိခဲ့ပါဘူး။ ထူးခြားမှုလို့ ဆိုရမှာကတော့ ချန်ပီယံလိဂ်အပြောင်းအလဲနဲ့ ပြင်သစ်ကလပ်တွေရဲ့ ကံကြမ္မာ၊ ပြီးတော့ အီတလီ ကလပ်တွေနဲ့ ဆက်စပ်မှုပါ။ ၁၉၅၅-၅၆ ရာသီကစပြီး ဥရောပဖလားဆိုတဲ့အမည်နဲ့ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲကို ၁၉၉၂-၉၃ ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် အမည်ပြောင်းလဲခဲ့ပါတယ်။ ဗိုလ်လုပွဲကို ပြင်သစ် ကလပ် မာဆေးလ်နဲ့ အီတလီကလပ် အေစီမီလန်တို့ တက်ရောက်ခဲ့ပြီး မာဆေးလ်အသင်းက (၁-ဝ) ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ အဲဒီတုန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကျင်းပခဲ့တဲ့ နေရာကလည်း ဂျာမနီနိုင်ငံက မြူးနစ်မြို့မှာပါပဲ။ အခု ၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အပြောင်းအလဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အရင်က (၄)သင်းစီ အုပ်စု(၈)ခု ခွဲ ခြားယှဉ်ပြိုင်ရာကနေ ဒီရာသီမှာ အသင်း(၃၆)သင်းပါဝင်တဲ့ လိဂ်ပြိုင်ပွဲပုံစံ ပြောင်းလဲခဲ့ပါတယ်။ ဒီရာသီ ဗိုလ်လုပွဲကိုလည်း ပြင်သစ်ကလပ်နဲ့ အီတ လီကလပ် တက်ရောက်ခဲ့ပြီး မြူးနစ်မှာပဲ ဖလားလု ရဖို့ ဖြစ်လာခဲ့ပါတယ်။ နောက်ထပ် ထူးခြားတာက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပြင်သစ်နဲ့ အီတလီက လပ်တွေ ထိပ်တိုက်တွေ့တာကလည်း ဒီနှစ်ကြိမ်ပဲ ရှိဖူးသေးတာပါ။ ဒီတော့ ပြင်သစ်ကလပ်တွေကို အီတလီကလပ်တွေ ရှုံးကြွေးဆပ်ဖို့လိုနေတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲလို့လည်း သတ်မှတ်လို့ ရနိုင်ပါ တယ်။ ချန်ပီယံလိဂ်ရဲ့ ပထမတစ်ကြိမ် အပြောင်းအလဲတုန်းကလိုပဲ ပြင်သစ်ပရိသတ်တွေ အောင်ပွဲခံနိုင်တဲ့ရာသီ ဖြစ်လာမလား၊ အီတလီပရိသတ်တွေ ပျော်ရွှင်ခွင့်ရမလားဆိုတာကိုတော့ ကြိုတင်မှန်းဆဖို့ ခက်ပါတယ်။ PSG က လိဂ်အဆင့်မှာတုန်းက ပွဲကျပ်ခဲ့တာကြောင့် Play-offs ကစားရတဲ့အခြေအနေ ရောက်ခဲ့ပေမဲ့ ရှုံးထွက်အဆင့်မှာ လီဗာပူးလ်၊ အက်စတွန်ဗီလာ၊ အာဆင်နယ်စတဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြခဲ့ပါတယ်။ အင်တာမီလန်ကလည်း ချန်ပီယံလိဂ်မှာ အစဉ်အလာကြီးမားတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့ကို အလဲထိုးခဲ့ပါတယ်။ ဒါကြောင့် နှစ်သင်းစလုံးက စိုင်ကော်လို့ ချုံပေါ် ရောက်လာကြတာမဟုတ်ဘဲ ဗိုလ်လုပွဲစင်မြင့်ထက်ကို ထိုက်ထိုက်တန်တန်ရောက်ရှိလာကြခြင်းဖြစ်ပြီး အပြန်အလှန်ထပ်ဆင့်အစမ်းသပ်ခံရမယ့်ပွဲမှာ ဘယ်အသင်းအောင်ပွဲခံနိုင်မလဲဆိုတာကိုတော့ . . . ။















