မန္တလေးတိုင်းဒေသကြီး၌ နှစ်လကျော်အတွင်း PSMS Soft Ware အသုံးပြုပြီး ပြေးလေးပြေး ဖမ်းဆီးရမိမှု ဦးရေ ၁၆၀၀ ကျော်ရှိကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
မတ်လ ရရက်မှ မေလ ၂၁ရက်နေ့ထိ မန္တလေးတိုင်းတွင်း ပြေး၄ပြေး တရားခံ ၂၃၅ ဦးအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနေဖြင့် ၁၆၅၇ ဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။
အဆိုပါ PSMS Softwareအား သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်များ၊ ၊ဟိုတယ် ၊တည်ခိုးခန်းစသည့် မှတ်ပုံတင်ပြသရသည့်နေရာများတွင် ထည့်သွင်းအသုံးပြုလိုက်ပါက စစ်ပြေး ၊ရဲပြေး ၊တရားခံပြေး ၊ရဲဘက်ပြေးစာရင်းတွင်ပါဝင်နေသူဖြစ်ပါက အချက်ပြသိရှိရသဖြင့် အလွယ်တကူဖမ်းဆီးရမိနိုင်ခြင်းဖြစ်သည်။
" ကိုယ့်နေအိမ်တွေ ဆိုင်တွေမှာ ခိုးခံထားရရင် ရဲကိုအကြောင်းကြား အမှုဖွင့်ပေးပါ ။ဒီနေ့အမှုဖွင့်ခံထားရရင် နောက်ရက်စာရင်းထဲပါအောင်ထိ updateဖြစ်အောင်ဆောင်ရွက်နေပါတယ် ။မှတ်ပုံတင်နံပတ်မရှိလည်း social media တွေပေါ်တင်ထားတဲ့ပုံတွေရှိရင်ကိုရတယ် ။အမှုဖွင့်ထားပေးဖို့ပဲလိုပါတယ်" ဟု PSMS software အသုံးပြုပုံနှင့်ပတ်သက်ပြီး တာဝန်ရှိသူက ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ PSMS ( People Surveillance Management System )တွင် ကျင့် ၄၀၁ ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်မြောက်လာသူများ ၏စာရင်းကိုပါထည့်သွင်းနိုင်ရန်စီစဉ်လျက်ရှိရာ လွတ်မြောက်လာသူများမှ ပြစ်မှုပြန်လည်ကျူးလွန်ပါက ယခင်ပြစ်ဒဏ်ကိုပါပြန်လည်ကျခံစေရေးအတွက် ထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာများစိစစ်ထုတ်ပေးရာတွင်လည်း စာရင်းထည့်သွင်းအသုံးပြုနိုင်ရန်ထိ ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။















