
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်တွင် KNU အဖွဲ့ထံ ပေးပို့မည့် လက်နက်များအား ဧပြီ ၂၂ ရက်တွင် ဖမ်းဆီးရမိဟု ထိုင်းသတင်းဌာနများ ဖော်ပြချက်အရ သိရသည်။
ချင်းမိုင်ခရိုင် Phu Phing Rajanives ရဲစခန်းက ဆည်မြောင်းတူးမြောင်းလမ်းတွင် မော်တော်ယာဥ် တစ်စီးအား တားဆီးစစ်ဆေးရာ ချင်းမိုင်ခရိုင်မှ မယ်ဟောင်ဆောင်ခရိုင် ဘန်မယ်ဆမ်လန်းရှိ KNU အဖွဲ့နှင့်ဆက်စပ်သူထံ လက်နက်များပို့ဆောင်ရန် ငှားရမ်းထားသော အမျိုးသားနှစ်ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
အဆိုပါဖမ်းဆီးရမိသည့် ထိုင်းအမျိုးသားနှစ်ဦးအားစစ်ဆေးချက်အရ ၎င်းတို့သည် ချင်းမိုင်ရှိ တမ်ပူချန်ဖော့ ဈေးဝယ်စင်တာနောက်ဘက်ရှိ စတိုးဆိုင်မှ လက်နက်များအား မယ်ဟောင်ဆောင်ရှိ KNU အဖွဲ့ထံ သယ်ဆောင်ပေးခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် ၎င်းတို့သည် လက်နက်သယ်ဆောင်မှုအား သုံးကြိမ်ပြုလုပ်ပေးခဲ့ကာ တစ်ကြိမ်လျှင် ထိုင်းဘတ်ငွေ ၈၀၀၀ မှ ၉၀၀၀ အထိ ရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြမှုအရ သိရသည်။
ယင်းလက်နက်များဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ၎င်းတို့နှစ်ဦးကို တရားစွဲဆိုရန်ဆောင်ရွက်နေပြီး အခြားဆက်စပ်နေသူများကို ဖမ်းဆီးနိုင်ရေး ထိုင်းရဲတပ်ဖွဲ့က ရှာဖွေနေကြောင်း သိရသည်။