ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့်ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရှိ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် နစက ဥက္ကဋ္ဌ တွေ့ဆုံ

ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့်ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရှိ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် နစက ဥက္ကဋ္ဌ တွေ့ဆုံ
Published 11 April 2025

ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဧပြီ ၁၀ ရက် နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ အား တောင်ကြီးမြို့၊ မြို့တော်ခန်းမနှင့် ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစည်းအဝေးခန်းမတို့၌ သီးခြားစီတွေ့ဆုံ၍ ငလျင်သဘာဝဘေးဒဏ်ဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဟိုပုံးမြို့ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစည်းအဝေးခန်းမ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အား  နယ်မြေဒေသဆိုင်ရာများ၊ မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မြို့နယ်များတွင် လူထိခိုက်ဒဏ်ရာရရှိမှု၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်း၊ တံတားများ၊ ဘုရား၊ စေတီပုထိုးများ ထိခိုက်ပျက်စီးခဲ့ရမှု ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများ၊ ဟိုပုံးမြို့၊ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ပရဝုဏ်အတွင်းရှိ စေတီများနှင့် သာသနိကအဆောက်အဦများတွင် ထိခိုက်ပျက်စီးခဲ့ရမှုများအား ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး က ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ငလျင်သဘာဝဘေးဒဏ်ဆိုင်ရာများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့စဉ်ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့၌ ထိခိုက်ပျက်စီးခဲ့မှုများအား ကြည့်ရှုစစ်ဆေးရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည်များ မှာကြားနိုင်ရေးအတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ထိခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းအထိ ထိခိုက် သေဆုံးခဲ့ရသူ ၃၆၄၉ ဦး၊ ဒဏ်ရာရရှိခဲ့ရသူ ၅၀၁၈ ဦးနှင့် ပျောက်ဆုံးနေသူ ၁၄၅ ဦးရှိသည်ဟု သိရှိရကြောင်း၊ ငလျင်ဘေးဒဏ်ကြောင့်သေဆုံးခဲ့ရသူများအား တစ်ဦးလျှင် ၁၀ သိန်းကျပ်ဆီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ အခြားထိခိုက်ပျက်စီးမှုများအနေဖြင့် နေအိမ် စုစုပေါင်း ၆ သောင်းကျော် ပျက်စီးဆုံးရှုံးခြင်း၊ စာသင်ကျောင်းပေါင်း ၂၃၆၆ ကျောင်းပျက်စီးဆုံးရှုံးခြင်း၊ ဘုန်တော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက် ပေါင်း ၃၅၁၄ ကျောင်းပျက်စီးဆုံးရှုံးခြင်း၊ ဘုရားစေတီပေါင်း ၅၆၂၀ ပျက်စီးဆုံးရှုံးခြင်း နှင့် ဆေးရုံဆေးခန်း၂၉၁ ခုပျက်စီးဆုံးရှုံးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း ပြောကြားသည်။

ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် သင်ခန်းစာဖော်ထုတ်ရရှိခဲ့သည်မှာ အဆောက်အဦများ ဆောက်လုပ်ရာတွင် အင်ဂျင်နီယာပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ စနစ်တကျဖြင့် သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ မဖြစ်မနေဆောင်ရွက်ကြရန် လိုအပ်သည်ကို သိရှိခဲ့ကြရကြောင်း၊ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့် အဆောက်အဦးများကို စစ်ဆေးခဲ့ရာတွင် အင်ဂျင်နီယာပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ သတ်မှတ်ထားသည့်အတိုင်း ဆောက်လုပ်မှုမရှိခဲ့ခြင်းနှင့် ဆောက်လုပ်ရေးပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် မညီညွတ်ဘဲဆောက်လုပ်ထားသည်ကို စိစစ်တွေ့ရှိခဲ့ရကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ချိန်တွင် အသက်ပေါင်းများစွာ ပေးဆပ်ရခြင်း ဖြစ်ပြီး ပေးဆပ်မှုအလွန်ကြီးမားခဲ့ရကြောင်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

မိမိတို့အနေဖြင့် ငလျင်ဒဏ်ကြောင့် ပိတ်မိနေရသူများအား ကယ်ဆယ်ရေးလုပ်ငန်းများကို ခက်ခဲစွာဖြင့်ဆောင်ရွက်ခဲ့ကြရခြင်းဖြစ်ကြောင်း၊ ပြည်ပမှ ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့်လည်း အင်တိုက်အားတိုက်ဖြင့် ကူညီဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ကြောင်း၊ ငလျင်လှုပ်ပြီးလျှင်ပြီးချင်း တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ပေးခဲ့သကဲ့သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲဝင်များကလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အင်တိုက်အား တိုက် ဆောင်ရွက်ပေးကြကြောင်း၊ အလှူရှင်များအနေဖြင့်လည်း ပြည်သူများအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြသကဲ့သို့ ငလျင်ဒဏ်သင့်ခဲ့ရသည့်ဒေသများသို့ သွားရောက်၍ လှူဒါန်းမှုများရှိကြသည်ကိုလည်း ဝမ်းမြောက်ဖွယ်တွေ့ရကြောင်း၊ အခက်အခဲများ ဖြစ်ပေါ်ချိန်တွင် အချင်းချင်းကူညီဆောင်ရွက်ပေးမှုများသည် ကောင်း မွန်သည့် စိတ်ဓာတ်များပင် ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

လမ်းပန်းဆက်သွယ်ရေးနှင့်ပတ်သက်၍ အချို့ ရထားလမ်း၊ မော်တော်ကားလမ်း များ၊ ဘူတာရုံများ၊ တံတားများ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ လမ်းပန်းဆက်သွယ်မှုများ အမြန်ဆုံး ပြန်လည်ကောင်းမွန်ရေးအတွက် နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလားတူ ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်းများ ကျောင်းဖွင့်ချိန်အမီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ငလျင်ဘေးဒဏ်သင့်သည် ဒေသများမှပြည်သူများ မိုးရာသီမရောက်မီ အမိုး အကာအောက်၌ လုံခြုံစွာနေထိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များဆောက်လုပ်ရာတွင်လည်း စနစ်တကျဆောက်လုပ်ရန်လိုအပ်ကြောင်း၊ အဆောက်အဦများတည်ဆောက်ခြင်းနှင့်ပတ်သက်၍လည်း သတ်မှတ်ချက်များနှင့်အညီ တည်ဆောက်မှုများရှိစေရေး အသိပညာပေးမှုများကိုဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့သာယာလှပရေးတွင် ရေရရှိရေးသည် မဖြစ်မနေ လိုအပ်သည်ဖြစ်သည့်အတွက် သောက်သုံးရေလုံလောက်စွာရရှိရေး၊ ရေဝေ ရေလဲ သစ်တောများထိန်းသိမ်းစောင့်ရှောက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

ယခု ငလျင်သဘာဝဘေးဖြစ်ပေါ်ခဲ့မှု ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအား ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်သွားရန်အတွက် နိုင်ငံတော်အနေဖြင့် ငွေကြေးမြောက်မြားစွာ လိုအပ်မည်ဖြစ်ကြောင်း၊ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်မှသာ ပို့ကုန်တိုးမြင့်လာမည်ဖြစ်ပြီး နိုင်ငံခြားဝင်ငွေများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ပြီး ပြည်ပပို့ကုန်တိုး မြှင့်ရရှိနိုင်ရန်လိုကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့အနေဖြင့်လည်း မိမိတို့ဒေသတွင်ဖြစ်ထွန်းသည့် စိုက်ပျိုးရေးထုတ်ကုန်များ တိုးမြှင့်ရရှိရေး၊ သီးထပ်စွမ်းအားများမြှင့်တင်ရေးကို ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ စိုက်ပျိုးရေးနှင့်အတူ မွေးမြူရေးလုပ်ငန်းများကိုလည်း ဖြစ်ထွန်းအောင်မြင် အောင် ဆောင်ရွက်သွားရန်လိုပြီး ပို့ကုန်တိုးမြှင့်ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

ယခုကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန် ကို အကျိုးရှိအောင်အသုံးချနိုင်ရေး စီမံဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာရေးဆုံးခန်းမတိုင်ခဲ့ရသူများ များစွာရှိပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ပအိုဝ်းဒေသ၌လည်း စာရင်းများကောက်ယူ၍ ကျောင်းပြင်ပ ပညာရေးဖြစ်သည့် စာဖတ်ဝိုင်းများ၊ စာကြည့်တိုက်များ၊ အသိပညာပေးခြင်းများ၊ ရက်တိုသင်တန်းပို့ချ ပေးခြင်းများကို ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းအားဖြင့် ၎င်းတို့၏ လူမှုစီးပွားဘဝနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအတွက် အသိအမြင်များ တိုးပွားလာစေနိုင်မည်ဖြစ်ကြောင်း၊ လာမည့်ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ရာနှုန်းပြည့်ကျောင်းတက်စေရေး စည်းရုံးဆောင်ရွက်သွားရန်နှင့် ကျောင်းနေသူများ တန်းစဉ်ကူးပြောင်းမှုရာခိုင်နှုန်းမြင့်မားရန်လိုကြောင်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

ကျန်းမာရေးနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်လျော်ညီသည့် နေထိုင်စားသောက် မှုရှိရမည်ဖြစ်ကြောင်း၊ မိမိနှင့် မိမိ မိသားစုအတွက် မည်သို့မျှအကျိုးမရှိသည့် ဆေးလိပ်၊ အရက်၊ ကွမ်း သုံးစွဲခြင်းများကို ရှောင်ကြဉ်ကြရန်လိုပြီး မိမိကိုယ်ကို ထိန်းထိန်း သိမ်းသိမ်းဖြင့်နေထိုင်သွားကြရန်လိုကြောင်း၊ မိမိတို့ တစ်ဦးတစ်ယောက်ခြင်းစီ၏ သွားလာနေထိုင်စားသောက်မှုမဆင်ခြင်ခြင်းများကြောင့် အချိန်မတိုင်မီ မလိုလားအပ်ပဲ အသက်ဆုံးရှုံးရခြင်းများ မဖြစ်စေရေး ကျန်းမာရေးအသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ပေးသွားရန်လိုကြောင်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် မူလထက်ပိုမို ကောင်းမွန်သည် အဆောက်အဦများ၊ လမ်းတံတားများ ဖြစ်လာရမည်၊ ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်သည့်မြို့များကို ဖော်ဆောင်ပေးနိုင်ရမည်ဟု မူဝါဒချမှတ်၍ ဆောင်ရွက် လျက်ရှိကြောင်း၊ မကြာမီကျရောက်တော့မည့် မြန်မာ့ရိုးရာအတာ သင်္ကြန်နှင့်ပတ်သက် ၍လည်း ယခုနှစ် အတာသင်္ကြန်ကာလကို မြန်မာရိုးရာအစဉ်အလာနှင့်အညီ အေးအေး ချမ်းချမ်းဖြင့်သာ ဖြတ်သန်းကြစေလိုကြောင်း၊ လာမည့်ဒီဇင်ဘာလတွင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်းလည်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့သို့ရောက်ရှိစဉ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဟိုပုံးမြို့ရှိ ဟိုပုံးရေထွက်ကြီးသို့ ရောက်ရှိကြပြီး ရေထွက်နှင့်ရေကန် ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ရေထွက်အားစနစ်တကျထိန်းသိမ်းသွားရန်လိုပြီး ရေကန်အတွင်းနှင့် ရေကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး စဉ်ဆက်မပြတ်ဆောင်ရွက်ရန်လိုကြောင်း၊ ရေထွက်ပတ်ဝန်းကျင်ဧရိယာအတွင်း သစ်ပင်သစ်တောများကို စနစ်တကျ ဖြင့် ထိန်းသိမ်းသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားကာ ရေကန်အား လှည့်လည်ကြည့်ရှုခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဟိုပုံးမြို့ကျက်သရေဆောင် သီရိမင်္ဂလာရွှေချမ်းသာမွေတော် ဘုရား ကြီးသို့ရောက်ရှိပြီး ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်ကာ ဘုရားကြီးအား ဖူးမြော် ကြည်ညိုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် ဟိုပုံးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခိုကျောင်း ဆရာတော် ဘဒ္ဒန္တ ဝိဇယ အား ဖူးမြော်ကြည်ညို၍ ဘုရားကြီးပရိဝုဏ်အတွင်းရှိ ဘုရားစေတီ များထိခိုက်ပျက်စီးခဲ့မှုအား ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများကို မူလပုံစံမပျက်စေဘဲ ရေရှည်တည်တံ့ခိုင် မြဲရေးအတွက် စနစ်တကျကျွမ်းကျင်ပညာရှင်များနှင့်မွန်းမံပြုပြင်ခြင်းလုပ်ငန်းများ ဆောင်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းလျှောက် ထားပြီး ဆရာတော်ကြီးများထံမှ ဩဝါဒနာယူကာလှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် ဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် ဘက်စုံ အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘုရားကြီးပရဝုဏ်အတွင်းရှိ စေတီများနှင့်သာသနိကအဆောက် အဦများတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအား လှည့်လည်ကြည့်ရှုစစ် ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)သို့ ရောက်ရှိကြရာ ဒုတိယ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ငလျင်ဘေးဒဏ်ကြောင့် ပင်မသုံးထပ်စာသင်ဆောင်နှင့် တောင်၊ မြောက် စာသင်ဆောင်များတွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့မှု၊ ကျောင်းသား၊ ကျောင်းသူအဆောင်များ၊ ဝန်ထမ်းအိမ်ရာများတွင် ထိခိုက်ပျက်စီးခဲ့ရမှုများကို ရှင်းလင်းတင်ပြခဲ့သည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ပင်မသုံးထပ်စာသင်ဆောင်ကြီးသည် ပညာရှင်များ၏ စစ်ဆေးတွေ့ရှိချက်များအရ ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး အန္တရာယ်ရှိ အဆောက်အဦဖြစ်သဖြင့် စနစ်တကျဖြင့် ဖြိုဖျက်သွားရန်လိုကြောင်း၊ အသစ်ပြန်လည်တည်ဆောက်ရာတွင် အဆောက်အဦ ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုကို ဦးစားပေး၍ စနစ်တကျ တွက်ချက်တည်ဆောက်သွားရန်လိုကြောင်း၊ အခြား ထိခိုက်ပျက်စီးခဲ့ရသည့် အဆောက်အဦများကိုလည်း စနစ်တကျဖြင့် ပြန်လည်ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်းများကို ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းရှိ အားကစားရုံတည်ဆောက်ရန်လျာထားသည့်မြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent