■ ■ အင်အားပြင်း ငလျင်ကြောင့် စစ်ကိုင်းမြို့တွင် သေဆုံးသူ ၂၀၀ ကျော် ရှိလာပြီး ပိတ်မိနေသူများစွာ ကျန်ရှိနေ

■ ■ အင်အားပြင်း ငလျင်ကြောင့် စစ်ကိုင်းမြို့တွင် သေဆုံးသူ ၂၀၀ ကျော် ရှိလာပြီး ပိတ်မိနေသူများစွာ ကျန်ရှိနေ
Published 30 March 2025

#Update_News_11:30 AM

မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် စစ်ကိုင်းမြို့တွင် သေဆုံးသူ ၂၀၀ ကျော် ရှိလာပြီး ပိတ်မိနေသူများစွာ ကျန်ရှိနေကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် ပြိုကျနေသည့်အဆောက်အအုံများအောက်တွင် ဖယ်ရှားထုတ်ယူနိုင်ခြင်း မရှိသေးသည့် ဖြစ်စဉ်များစွာ ကျန်ရှိနေသေးကြောင်း မြို့ခံများက ပြောကြားသည် ။

" ကျွန်တော်တို့ အရမ်းပင်ပန်းနေပါပြီ ။ ဒါပေမယ့် အများအပူ ဝိုင်းကူရင်း ထမင်း ဘယ်နေမှန်းမသိ ၊ စစ်ကိုင်း ၁၈၃ ယောက် သဂြိုလ်ပြီးပါပြီ " ဟု လူမှုကူရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက မတ်လ ၂၉ ရက်နေ့ ညနေပိုင်းက လူမှုကွန်ရက်တွင် ရေးသားထားသည် ။

လက်ရှိတွင် ပြိုကျနေသည့်အဆောက်အအုံများအောက်တွင် ဖယ်ရှားထုတ်ယူနိုင်ခြင်း မရှိသေးသည့် ဖြစ်စဉ်များစွာ ကျန်ရှိနေသေးကြောင်း မြို့ခံများက ပြောကြားသည် ။

မင်းလမ်း ဗလီ သုံးခုတွင် ပိတ်မိနေသည့် ဝတ်ပြုဆုတောင်းနေသူများအနက် dead body ၄၀ ကျော် ၅၀ ခန့်ကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ပြီး ဆက်လက် ဆောင်ရွက်နေဆဲဖြစ်သည် ။

" ညနေ ၅နာရီက မောင်လေး  Dead body ထွက်လာပါတယ် ။ Allah အမိန့်ခံသွားပါပီ။အပါ ၊ မောင်လေး နဲ့ အဒေါ် နှစ်ယောက် ၊ အပါ တစ်ယောက်က လွဲလို့ ကျန်တဲ့သူတွေက ဗလီသွားကြရင်း ဖြစ်ကြတာပါ ။

အခုထိ အဒေါ် တစ် ယောက်က dead body ထွက်မလာသေးပါဘူး ။ ရင်တွေကွဲရတယ် ဆိုတာထက် ပိုပါတယ် ။သူတို့ကတော့ တစုတဝေးထဲ Allah ထံပြန်ကြ ကောင်းမွန်တဲ့နေရာမှာပျော်နေကြတော့မယ်။ကျန်ခဲ့တဲ့ သူတွေက ရင်တွေကွဲရတယ် ။ မောင်လေး ပိတ်မိနေတာစောင့်နေရင်း Dead body တစ်ခုထွက်လာတိုင်း ဖက်ဖက်ငိုကြရတယ် ။ အကုန်လုံးက ငါးယောက်ပါတဲ့သူ ၊ လေးယောက်ပါတဲ့သူ ၊ နှစ်ယောက်ပါတဲ့သူ နဲ့   အတူတူရင်နာ ဖက်ငိုနေရတယ် " ဟု ဗလီပြိုကျမှု ဖြစ်စဉ်နှင့်ပတ်သက်၍ မိသားစုဝင်တစ်ဦးက ရေးသားထားသည် ။

" ဖုန်းဆိုင်တစ်ဆိုင်ကဆို ဝန်ထမ်းတွေနဲ့ ပိုင်ရှင်တွေ အကုန်လွတ်တယ်ဆိုပြီး နေနေတာ ။ အနံ့ထွက်လာလို့ လိုက်ရှင်းတော့ ကာစတာမာနှစ်ယောက်ရဲ့ DB ထွက်လာတယ် ။  ဟု မြို့ခံတစ်ဦးက ပြောကြားသည် ။

ထို့အတူ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းပြိုကျသည့်ဖြစ်စဉ်၌လည်း ကလေး ၆ ဦးအပါအဝင် ၁၁ ဦး သေဆုံးခဲ့ပြီး ယခုအချိန်ထိ dead body ထုတ်ယူနိုင်ခြင်း မရှိသေးပေ ။

စစ်ကိုင်းမြို့တွင်   ပြိုကျသည့် အဆောက်အအုံများအောက်တွင် ပိတ်မိနေသူများကို စက်ယန္တရား အခက်အခဲကြောင့် ယခုအချိန်ထိ ဖယ်ရှားထုတ်ယူနိုင်ခြင်း မရှိသေးသည့်ဖြစ်စဉ်များစွာ ကျန်ရှိနေဆဲဖြစ်သည် ။

လက်ရှိတွင် စစ်ကိုင်းမြို့၌ လမ်းပန်းဆက်သွယ်သွားရေးခက်ခဲမှု ၊ စားသောက်နေထိုင်မှုနှင့် အချိန်ကြာလာသည်နှင့်အမျှ သောက်သုံးရေမှအစ အခက်အခဲများ ရှိလာနေသည်ဟု မြို့ခံများက ပြောကြားသည် ။

#earthquake #Myanmar_Earthquake_2025

Most Read

Most Recent