ထိုင်းနိုင်ငံက လက်နက်သယ်ဆောင်ခွင့်ပါမစ်အသစ်များ ထုတ်ပေးမှုကို တစ်နှစ်ကြာ ဆိုင်းငံ့

ထိုင်းနိုင်ငံက လက်နက်သယ်ဆောင်ခွင့်ပါမစ်အသစ်များ ထုတ်ပေးမှုကို တစ်နှစ်ကြာ ဆိုင်းငံ့
Published 14 February 2025
Ref:Bangkok Post

ထိုင်းနိုင်ငံက လက်နက်သယ်ဆောင်ခွင့် ပါမစ်အသစ်များ ထုတ်ပေးမှုကို တစ်နှစ်ကြာ ဆိုင်းငံ့လိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြခဲ့သည်။

ရာဇဝတ်မှုများကို နှိမ်နင်းနေသည့် ထိုင်းအစိုးရ၏ အားထုတ်ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဖေဖော်ဝါရီ ၁၄ ရက်မှစပြီး လက်နက်သယ်ဆောင်ခွင့်ပါမစ်အသစ်များထုတ်ပေးမှုကို တစ်နှစ်ကြာဆိုင်းငံ့မိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုအမိန့်ကို ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်နှင့် ပြည်ထဲရေးဝန်ကြီး အနူတင်ချာဝရာကွန်တို့က ဖေဖော်ဝါရီ ၁၂ ရက် က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ထရယ်ဆူရီ ထိုင်ဆာရာနာကူလ်က ပြောကြားခဲ့သည်။

ထိုအမိန့်ကို ဖေဖော်ဝါရီ ၁၃ ရက်က ထိုင်းအစိုးရ၏ ဂျာနယ်ဖြစ်သည့် Royal Gazette ဂျာနယ်က ထုတ်ပြန်ခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်အကျုံးဝင်သက်ရောက်မည်ဟု ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် လူအများစုသည် ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ အများပြည်သူပိုင်နေရာများတွင် လက်နက်များသယ်ဆောင်ပြီး သွားလာနေကြသဖြင့် ထိုအမိန့်ကို ထုတ်ပြန်ခဲ့ရခြင်းဖြစ်သည်ဟု မစ္စစ်ထရယ်ဆူရီက ပြောကြားခဲ့သည်။ အချို့လူများသည် အခြားသူများကို ခြိမ်းခြောက်ရန် ၎င်းတို့၏ လက်နက်များကို ထုတ်ဖော်ပြသနေကြသည်ဟုဆိုသည်။

ယင်းအလေ့အထများသည် ရာဇဝတ်မှုများဖြစ်ပွားစေနိုင်ပြီး ပြည်သူများ၏ အသက်အိုးအိမ်နှင့် စိတ်ပိုင်းဆိုင်ရာအတွက် အန္တရာယ်ရှိစေနိုင်သည်ဟု ထရယ်ဆူရီက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် သေနတ်များသည် အလွန်စျေးကြီးပြီး စာရွက်စာတမ်းအချက်အလက်များဖြင့် လက်ဝယ်ပိုင်ဆိုင်ရန် ခက်ခဲသည်။

မည်သို့ပင်ဆိုစေ ထိုင်းနိုင်ငံတွင် ၂၀၂၃ ခုနှစ်အထိ ရရှိထားသည့်အချက်အလက်များအရ နိုင်ငံအတွင်း မှတ်ပုံတင်ထားသည့် သေနတ်အလက်ပေါင်း ၆ ဒသမ ၂ သန်းရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ သိရသည်။

ပဋိပက္ခဖြစ်ပွားနေသည့်နိုင်ငံများမှ ဝင်လာသည့်သေနတ်များ သို့မဟုတ် မှောင်ခိုသွင်းလာသည့် သေနတ်များလည်းရှိခဲ့ပြီး မှတ်ပုံတင်မထားသည့် လက်နက်များ ၄ သန်းခန့်ရှိနေပြီး ထိုလက်နက်များသည် နိုင်ငံအတွင်းပျံ့နှံ့နေကြောင်း ခန့်မှန်းထားသည်။

၂၀၂၂ ခုနှစ်က ကမ္ဘာ့လူဦးရေလေ့လာသုံးသပ်ချက်၏ မှတ်တမ်းအရ ထိုင်းတွင် သေနတ်နှင့်ဆက်နွှယ်သည့် သေဆုံးသူ ၂၈၀၄ ဦးရှိကာ သေဆုံးသူနှုန်းထားမှာ လူ ၁၀၀၀၀၀ လျှင် ၃ ဒသမ ၉ ဦးအထိ ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် သေနတ်ပစ်ခတ်မှုများကြောင့် သေဆုံးမှုအများဆုံးနိုင်ငံများစာရင်းတွင် အဆင့် ၁၅ နေရာတွင်ရှိခဲ့သည်။

သေနတ်ပစ်ခတ်မှုများနှင့်ဆက်နွှယ်သည့် ရာဇဝတ်မှုများလည်း မကြာခဏဖြစ်ပွားခဲ့ကာ အချို့ရာဇဝတ်မှုများသည် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် စိတ်ဝင်စားမှုရရှိခဲ့ပြီး သေနတ်ထိန်းချုပ်မှုနှင့်ပတ်သက်ပြီး အချေအတင်ဆွေးနွေးမှုများ ပေါ်ပေါက်ခဲ့သည်။

ဘန်ကောက်မြို့တော်၏ ခလောင်ထိုအိရပ်ကွက်တွင် ပြိုင်ဘက်ကျောင်းသားဂိုဏ်းများအကြား အပြန်အလှန်ပစ်ခတ်မှုအတွင်း ကျောင်းဆရာမတစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့ပြီးနောက် ပြည်ထဲရေးဝန်ကြီး အနူတင်သည် ၂၀၂၃ ခုနှစ်နိုဝင်ဘာလက သေနတ်များသယ်ဆောင်ခွင့်ပါမစ်များ ထုတ်ပေးမှုကို ဆိုင်းငံ့ခဲ့ဖူးသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလက ဘန်ကောက်မြို့တော်ရှိ ှSiam Paragon စျေးဝယ်ကုန်တိုက်တွင် ဆိုးရွားသည့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့သည် နိုင်ငံတစ်ဝန်းသုံးရက်ကြာ လက်နက်ထိန်းချုပ်မှုစစ်ဆင်ရေးပြုလုပ်ခဲ့ရာတွင် တရားမဝင် သေနတ်အလက်ပေါင်း ၂၀၀၀ ကျော်နှင့် သံသယရှိသူ ၁၅၉၃ ဦးကို ဖမ်းဆီးရမိခဲ့သည်။

ှSiam Paragon စျေးဝယ်ကုန်တိုက်တွင် ဖြစ်ပွားသည့် ပစ်ခတ်မှုတွင် ပစ်ခတ်မှုကျူးလွန်ခဲ့သည့် အသက် ၁၄ နှစ်အရွယ်ဆယ် ကျော်သက်လူငယ်ကို အခင်းဖြစ်ပွားသည့်နေရာတွင် ဖမ်းဆီးရမိခဲ့ပြီး လူနှစ်ဦးသေဆုံးကာ  ဒဏ်ရာရရှိခဲ့သူတစ်ဦးသည် သီတင်းတစ်ပတ်အကြာတွင် ထပ်မံသေဆုံးသွားခဲ့သည်။

ထိုပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်မစ္စတာ အနူတင်သည် လက်နက်များ တင်သွင်းဝယ်ယူခြင်းနှင့် ကုန်ကူးမှုတိုပအတွက် ပါမစ်များ ထုတ်ပေးမှုကို ဆိုင်းငံံခဲ့သည်။

ထိုဆိုင်းငံ့မှုသည် လက်နက်ထိန်းချုပ်မှုကို တင်းကျပ်သည့် ရေတိုစီမံကိန်း ခုနစ်ခုအနက် တစ်ခုဖြစ်ခဲ့သည်။

ရေရှည်စီမံကိန်းအနေဖြင့် အာဏာပိုင်များသည် ထိုင်းနိုင်ငံ၏ ၇၆ နှစ်ကြာသက်တမ်းရှိနေပြီဖြစ်သည့် လက်နက်ထိန်းချုပ်ရေးဥပဒေ၏ ယိုပေါက်များကို ပိတ်ရန် ပြုပြင်ပြောင်းလဲမှုများပြုလုပ်သွားမည်ဟု ထိုင်းပြည်ထဲရေးဝန်ကြီး မစ္စတာ အနူတင်ချာဝရာကွန်က ပြောကြားခဲ့သည်။

Most Read

Most Recent