ဘန်လေဂိုးသမား ဂျိုးဟတ်က ဝက်စ်ဟမ်းပရိသတ်များသည် မိမိကို ၎င်းတို့အသင်း၏ အမာခံဂိုးသမားတစ်ဦးအဖြစ် လက်မခံခဲ့ကြောင်းနှင့် ယင်းအတွက်ကြောင့် ပြီးခဲ့သည့်နွေရာသီက ဘန်လေအသင်းသို့ မိမိ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဂျိုးဟတ်သည် ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘောလုံးရာသီက ဝက်စ်ဟမ်းအသင်းတွင် အငှားစာချုပ်ဖြင့် ကစားခဲ့ပြီး ပရီးမီးယားလိဂ် (၁၉)ပွဲအပါ အဝင် ပြိုင်ပွဲစုံ (၂၃)ပွဲကစားပေးခဲ့သည်။
ဂျိုးဟတ်က The Times သတင်းစာနှင့် တွေ့ဆုံရာ၌ " ဝက်စ်ဟမ်းပရိသတ်တွေဟာ ကျွန်တော့်ကို အမှန်တကယ်တော့ အလိုမရှိခဲ့ပါဘူး။ ကျွန်တော်က အသင်းရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ခွင့်ရတာကို ပျော်ရွှင်ခဲ့သူပါ။ ကျွန်တော် စွမ်းဆောင်နိုင်သမျှ အကောင်းဆုံးစွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဝက်စ်ဟမ်းအသင်းမှာ အခြေတကျမဖြစ်ခဲ့ပါဘူး။ ကျွန်တော့်ရဲ့ကြိုးပမ်းမှုတွေကို လူတွေက နားလည်ပေးတယ်လို့ မခံစားခဲ့ရပါဘူး" ဟု ပြောကြားခဲ့သည်။
ဂျိုးဟတ်သည် ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်လက်ရွေးစင်အသင်းတွင်လည်း ရွေးချယ်ခြင်းမခံရဘဲ ချန်လှပ်ခံရသူဖြစ်သည်။