ဂျပန်နိုင်ငံတွင် ကယ်ဆယ်ရေးသမားများသည် မြေကျွံပေါက်ထဲတွင် ၂၄ နာရီကျော်ကြာ ပိတ်မိနေသော ကုန်တင်ယာဉ်မောင်းတစ်ဦးကို ကယ်တင်နိုင်ရန် ဇန်နဝါရီ ၂၉ ရက်တွင် ဆက်လက်ကြိုးပမ်းလျက်ရှိသည်ဟု သိရသည်။
တိုကျိုမြို့တော်အပြင်ဘက် ရာရှီအိုမြို့တွင် လမ်းတစ်လမ်းသည် ကားနှစ်စီးအကျယ်ပမာဏဝန်းကျင်ခန့် မြေကြီးကျွံကျသွားပြီး လော်ရီကားတစ်စီး မြေကြီးထဲ ထိုးဆင်းခဲ့ပြီးနောက် ဇန်နဝါရီ ၂၈ ရက်နံနက်ခင်းအချိန်တွင် အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းများက အခင်းဖြစ်ပွားသည့်နေရာသို့ အလျင်အမြန် လာရောက်ခဲ့ကြသည်။
ဂတ်စ်ပိုက်များ ကျိုးပေါက်မည့်အရေးကို စိုးရိမ်သောကြောင့် ဒေသခံများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့သည်။
ဇန်နဝါရီ ၂၈ ရက် နေ့လယ်ခင်းအစောပိုင်းမတိုင်မီ ယာဉ်မောင်းသည် ကယ်ဆယ်ရေးသမားများနှင့် တိုက်ရိုက်စကားပြောနိုင်ခဲ့သော်လည်း ယင်းမြေကျွံပေါက်တစ်ဝိုက်တွင် အခြေအနေမတည်ငြိမ်ခဲ့သောကြောင့် ကယ်ဆယ်ရေးသမားများက နောက်ပြန်ဆုတ်ခဲ့ရသည်ဟု မီးသတ်ဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“ကယ်ဆယ်ရေးလုပ်ငန်းတွေကိုတော့ ဆက်တိုက်လုပ်ဆောင်နေပေမဲ့ အဲဒီနောက်ပိုင်းမှာ ယာဉ်မောင်းနဲ့ ဆက်သွယ်နိုင်ခြင်းမရှိတော့ပါဘူး” ဟု မီးသတ်ဌာနပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ယာဉ်မောင်းသည် အသက် ၇၀ ဝန်းကျင်အရွယ်ရှိသည်ဟု ယူဆရကြောင်း ၎င်းက ဆိုသည်။
ကုန်တင်ကား၏ အဓိကကိုယ်ထည်ကို ဒေသစံတော်ချိန်နံနက် ၁ နာရီဝန်းကျင်တွင် ဆွဲထုတ်နိုင်ခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ သို့သော် ယာဉ်မောင်း၏အခန်းသည် အနက် ၃၃ ပေခန့်နဲ့ အကျယ် ၁၀ မီတာခန့်ဝန်းကျင်ရှိ မြေကျွံပေါက်အတွင်း၌ ပိတ်မိလျက်ရှိသည်။
ထိုနေရာအနီးတစ်ဝိုက်တွင် နောက်ထပ်မြေကျွံပေါက်တစ်ခု ဖြစ်ပေါ်ခဲ့ပြီးနောက် ယင်းမြေကျွံပေါက်၏ အချင်း မီတာ ၂၀၀ အတွင်းရှိ နေထိုင်သူများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ကြသည်။















