တန်ဇန်နီးယားနိုင်ငံတွင် မားဘာ့ချ်ဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားပြီး လူရှစ်ဦးသေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇန်နဝါရီ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ထိုရောဂါသည် တန်ဇန်နီးယားနိုင်ငံနှင့် ဒေသတစ်ခုလုံးတွင် ပိုမိုပျံ့နှံ့လာနိုင်ခြေမြင့်မားသည်ဟုလည်း WHO က သတိပေးခဲ့သည်။
တန်ဇန်နီးယား၏ ကာဂျီရာဒေသတွင် မားဘာ့ချ်ဗိုင်းရပ်စ်ရောဂါ (MVD) ကူးစက်မှုဟု ယူဆရသည့် ရောဂါကူးစက်မှုများဖြစ်ပွားနေကြောင်း WHO က အဖွဲ့ဝင်နိုင်ငံများကို ဇန်နဝါရီ ၁၃ ရက်က အကြောင်းကြားခဲ့သည်။
လက်ရှိအချိန်အထိ ရောဂါကူးစက်ခံရသူ ကိုးဦးရှိပြီး ၎င်းတို့အနက် ရှစ်ဦးသေဆုံးကြောင်း သတင်းရရှိခဲ့သည်ဟု WHO အကြီးအကဲ တက်ဒရိုစ် အက်ဒါနွန် ဂေဘရီယေဆုက ပြောကြားခဲ့သည်။
WHO အနေဖြင့် တန်ဇန်နီးယားအစိုးရနှင့် ရောဂါကူးစက်မှုဖြစ်ပွားနေသည့်ဒေသတွင် နေထိုင်သူများကို ကူညီထောက်ပံ့ပေးရန် ကမ်းလှမ်းထားကြောင်း ၎င်းကဆိုသည်။
မားဘာ့ချ်ဗိုင်းရပ်စ်သည် အီဘိုလာဗိုင်းရပ်စ်မျိုးရင်းဝင်ဖြစ်ပြီး သွေးယိုမှုများကို ဖြစ်ပွားစေသည့် ကူးစက်ရောဂါဖြစ်သည်။
■Ref:AFP















