တရုတ်သိပ္ပံပညာရှင်တစ်ဦးက အသစ်တွေ့ရှိသည့် ပင့်ကူမျိုးစိတ်များကို အဆိုတော် ဂျေးချို၏ တေးသီချင်း အမည်များဖြင့် မှည့်ခေါ်

တရုတ်သိပ္ပံပညာရှင်တစ်ဦးက အသစ်တွေ့ရှိသည့် ပင့်ကူမျိုးစိတ်များကို အဆိုတော် ဂျေးချို၏ တေးသီချင်း အမည်များဖြင့် မှည့်ခေါ်
Published 5 January 2025
Ref :AFP

တရုတ်သိပ္ပံပညာရှင်တစ်ဦးက အသစ်တွေ့ရှိသည့် ပင့်ကူမျိုးစိတ်များ၏ အမည်ကို ထိုင်ဝမ်အဆိုတော်ဂျေးချို၏ နာမည်ကျော် တရုတ်ပေါ့သီချင်းအမည်များဖြင့် မှည့်ခေါ်လိုက်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကွေ့ကျိုးမြို့  Tongren တက္ကသိုလ်မှ သိပ္ပံပညာရှင် မီရှောက်ချီသည် Zoological Research: Diversity and Conservation ဂျာနယ်တွင် ၎င်း၏ လေ့လာတွေ့ရှိချက်များကို ပြန်လည်မျှဝေခဲ့သည်။

ဒီဇင်ဘာလတွင် ထုတ်ဝေခဲ့သော လေ့လာတွေ့ရှိချက်ကို အင်တာနက်အသုံးပြုသူများက တွေ့ရှိခဲ့ပြီးနောက် ရေပန်းစားလာခဲ့သည်။

တရုတ်လူမှုကွန်ရက် Weibo တွင် ယင်းလေ့လာတွေ့ရှိချက်အကြောင်း ဖော်ပြသည့် hashtag တစ်ခုကို ကြည့်ရှုသူပေါင်း ၂၆ သန်းကျော် ရှိခဲ့သည်။

ပင့်ကူများမှ မျိုးစိတ်တစ်ခုဖြစ်သည့် Cyclosa xingqing ပင့်ကူမျိုးစိတ်ကို ချို၏ ၂၀၀၀ ပြည့်နှစ်က ပွဲဦးထွက် တေးအယ်လ်ဘမ် Jay မှ အချစ်တေးသီချင်းတစ်ပုဒ်၏အမည်ကို အစွဲပြုကာ "Starry Mood ပင့်ကူ"ဟု အမည်ပေးခဲ့သည်။

နောက်ထပ်ပင့်ကူများ၏အမည်များကို ချို၏ နာမည်ကျော်တေးသီချင်းများအမည်ကို အစွဲပြုပြီး "Rainbow ပင့်ကူ" ၊"Dragon Fist ပင့်ကူ" နှင့် "Excuse ပင့်ကူ"ဟု အမည်ပေးခဲ့သည်။

မီနှင့် ၎င်း၏အဖွဲ့သည် ယူနန်ပြည်နယ်တွင် ယင်းပင့်ကူမျိုးစိတ်များကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဂျေးချို၏ ပရိသတ်တစ်ဦးဖြစ်သည့် မီက အသစ်တွေ့ရှိသည့် ပင့်ကူမျိုးစိတ်များကို ချို၏တေးသီချင်းအမည်များ မှည့်ခေါ်ခြင်းသည် သိပ္ပံပညာနှင့်လူထုကို ဆက်သွယ်ပေးမှုတွင် အထောက်အကူ ဖြစ်စေသည်ဟု ပြောကြားခဲ့သည်။

ယခုကဲ့သို့ အမည်ပေးခြင်းများသည် လူအများအား သိပ္ပံနှင့် ဂေဟဗေဒဆိုင်ရာ ကာကွယ်မှုအပေါ် စိတ်ဝင်စားမှုများ ပိုမိုရရှိလာစေရန် အားပေးမှုဖြစ်စေမည်ဟု မျှော်လင့်ကြောင်း မီက ဆိုသည်။

 

Most Read

Most Recent