ဘယ်လ်ဂျီယံ နှင့် အီတလီ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၁၅ နာရီ)
ဘယ်လ်ဂျီယံအတွက် ဒီပွဲက တန်းဆင်း Play-offs ကို မသွားရဖို့ အရမ်းအရေးကြီးတဲ့ပွဲဖြစ်နေတယ်။ အီတလီကတော့ ဒီပွဲမှာ သရေဆိုရင်တောင် ခြေစစ်ပွဲအောင်ဖို့အတွက် စိတ်ချရတဲ့ အနေအထားဖြစ်ပါပြီ။ အီတလီက အုပ်စုတွင်း ကစားခဲ့တဲ့ ပွဲစဉ် ၄ ပွဲမှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေနဲ့ ခြေစွမ်းပြ ကစားနေပြီး ပြီးခဲ့တဲ့ အဝေးကွင်းပွဲစဉ် နှစ်ပွဲမှာလည်း အစ္စရေးကိုရော၊ ပြင်သစ်ကိုပါ အနိုင်ကစားခဲ့တာကို တွေ့ရတယ်။ လက်ရှိ ကစားသမားအင်အား စုဖွဲ့မှုကို ကြည့်ရင် ဘယ်လ်ဂျီယံက အီတလီကို အဖက်ဖက်က ယှဉ်နိုင်တာထက် ပိုသလို၊ အိမ်ကွင်းလည်းဖြစ်တယ်။ ဒါပေမဲ့ အီတလီရဲ့ စိတ်ဓာတ်နဲ့ စုဖွဲ့မှုကို ပိုကြိုက်တယ်။
ပြင်သစ် နှင့် အစ္စရေး (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၁၅ နာရီ)
ပထမအကျော့တုန်းက အစ္စရေးကွင်းမှာ အနိုင်ရခဲ့ခြင်းက ပြင်သစ်ကို အီတလီနဲ့ ၁ မှတ်ကွာအနေအထားအထိ ကပ်လိုက်နိုင်စေခဲ့တယ်။ ပထမပိုင်းမှာ ၂-၁ ဂိုးနဲ့ ဦးဆောင်နေခဲ့ပြီးမှ ပွဲပြီးခါနီးမှာ ဂန်ဒူဇီ၊ ဘာကိုလာတို့ရဲ့ ဂိုးတွေနဲ့ ဂိုးပြတ် သွားခဲ့ခြင်းဖြစ်တယ်။ တကယ်တော့ ပြင်သစ်ရဲ့လက်ရှိ ကစားသမား စုဖွဲ့မှု အင်အားက အသင်းခေါင်းဆောင် အမ်ဘာပေ မပါဘူးဆိုရင်တောင် ထိပ်တန်းအဆင့်မှာရှိပြီး အားကောင်းလွန်းတဲ့အနေအထားပါ။ အဝေးကွင်းမှာ ဂိုးပြတ်နိုင်ခဲ့သလိုအိမ်ကွင်းမှာလည်း အစ္စရေးကို ဂိုးပြတ်သွင်းဖို့ လုံလောက်ပါတယ်။
ဂရိ နှင့် အင်္ဂလန် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၁၅ နာရီ)
ပထမအကျော့တုန်းက ကစားခဲ့တဲ့ပွဲမှာ ဂရိအသင်းက ဝင်ဘလေကွင်းမှာပဲ အင်္ဂလန်ကို အနိုင်ကစားသွားခဲ့တယ်။ အုပ်စုဗိုလ်ရတဲ့အသင်းက League A ကို တိုက်ရိုက်သွားရမှာဖြစ်ပြီး အုပ်စုဒုတိယအသင်းက Play-offs ကစားရမှာဖြစ် တယ်။ အုပ်စုတွင်းမှာ ဂရိက ရာနှုန်းပြည့်နိုင်ပွဲ ယူထားပြီး၊ တိုက်စစ်အားအကောင်းဆုံးအသင်း၊ ခံစစ်က ပေးဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေတာကို တွေ့ရတယ်။ အင်္ဂလန်အတွက် အုပ်စုဗိုလ်နေရာကို မျှော်လင့်ဖို့အတွက် နောက်ဆုံးအခွင့်အရေးလို့ ပြောရမယ့် ပွဲစဉ်လည်းဖြစ်နေတယ်။ ဒါပေမဲ့ ဂရိရဲ့လက်ရှိခြေစွမ်းကြောင့် ဂရိကိုပဲ ကြိုက်တယ်။
အိုင်ယာလန် နှင့် ဖင်လန် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၁၅ နာရီ)
ဖင်လန်က မကြာသေးခင်ကပဲ မထင်မှတ်လောက်တဲ့ ရလဒ်တွေနဲ့ တိုးတက်မှုတွေ ပြခဲ့တဲ့အသင်းဖြစ်ပြီး အခုအချိန်မှာတော့ အံ့အားသင့်စရာကောင်းလောက်အောင် အုပ်စုတွင်းမှာ ရုန်းကန်နေရပြန်တယ်။ အိုင်ယာလန်အပါအဝင်၊ ဂရိ၊ အင်္ဂလန်တို့နဲ့ ကစားခဲ့တဲ့ ၄ ပွဲစလုံး ရာနှုန်းပြည့် ရှုံးထားတယ်။ ဒါကြောင့် League C ကို တန်းဆင်းရဖို့လည်း ရှိနေတယ်။ ဒီပွဲမှာသာ သရေဆိုရင် သေချာသလောက်ရှိပါတယ်။ ကစားရမှာကလည်း အိုင်ယာလန်ကွင်းဖြစ်နေတယ်။ အိုင်ယာလန်ကို အိမ်ကွင်းမှာလည်း ရှုံးထားတယ်။ ဒီပွဲလည်း အိုင်ယာလန်နိုင်မယ်။
ကာဇက်စတန် နှင့် သြစတြီးယား (မြန်မာစံတော်ချိန် ကြာသပတေးည ၉း၃၀ နာရီ)
သြစတြီးယားက League A ကို အုပ်စုဗိုလ်နဲ့တန်းတက်သွားဖို့ များနေပါတယ်။ ကစားခဲ့ပြီးတဲ့ ၄ ပွဲမှာ ၇ မှတ်ရထားပြီး လက်ကျန် ၂ ပွဲစလုံး အနိုင်ရနိုင်တဲ့ အခြေအနေလည်းဖြစ်နေတယ်။ တကယ်လို့ ဒီပွဲမှာ ကာဇက်စတန်ကို အနိုင်ကစားထားပြီးရင် နော်ဝေခြေချော်မလားစောင့်ကြည့်ရမှာဖြစ်ပြီး နော်ဝေက ဆလိုဗေးနီးယားကို အဝေးကွင်းမှာ နိုင်ခဲ့ရင်တော့ နောက်ဆုံးပွဲမှာ သြစတြီးယား နိုင်ပွဲမဖြစ်မနေလိုတယ်။ အရေးကြီးတာက ကိုယ့်အလုပ်ကိုယ်လုပ်ထားနိုင်ဖို့ ဖြစ်ပြီး ဒီပွဲလည်း ကာဇက်စတန်ကို ဂိုးပြတ်သွင်းနိုင်လိမ့်မယ်။
ဆလိုဗေးနီးယား နှင့် နော်ဝေ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၁၅ နာရီ)
ဒီအုပ်စုက အရမ်းကျပ်တည်းတဲ့ အုပ်စုဖြစ်သလို ဘယ်အသင်းက League A ကို တန်းတက်မလဲ၊ ဘယ်အသင်း Play-offs ဖြစ်မလဲ၊ ဘယ်အသင်းကျန်နေခဲ့မလဲဆိုတာ အတော်လေး ပြောရခက်တယ်။ နော်ဝေ၊ ဆလိုဗေးနီးယား၊ သြစတြီးယားတို့ ၃ သင်း ၇ မှတ် အနေအထားလည်းဖြစ်နေတယ်။ ဒါပေမဲ့ ဆလိုဗေးနီးယားရဲ့ အမှတ်တွေထဲမှာ ကာဇက်စတန်ဆီက ၆ မှတ် ပါနေပါတယ်။ ပထမအကျော့တုန်းက နော်ဝေက အိမ်ကွင်းမှာ ဂိုးပြတ်သွင်းခဲ့တာကို တွေ့ရတယ်။ အခုဒီပွဲလည်း ဆလိုဗေးနီးယားကွင်းဆိုပေမယ့် နော်ဝေကိုပဲကြိုက်တယ်။
အာမေးနီးယား နှင့် ဖာရိုးကျွန်းစုများ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၃၀ နာရီ)
ဒီအုပ်စုမှာ မြောက်မက်ဆီဒိုးနီးယားက League B ကို တန်းတက်ဖို့ သေချာသလောက်ရှိနေပြီး၊ အာမေးနီးယား၊ လတ်ဗီးယားနဲ့ ဖာရိုးကျွန်းစုများကတော့ တန်းတက် Play-ffs မျှော်လင့်ခွင့်ရှိကြသလို၊ တန်းဆင်းနိုင်ခြေတွေလည်း ရှိနေ တယ်။ ဖာရိုးကွင်းမှာတုန်းက ဒီနှစ်သင်းသရေကျခဲ့တယ်။ အခု ဒီပွဲလည်း သရေကျနိုင်တယ်။
မြောက်မက်ဆီဒိုးနီးယား နှင့် လတ်ဗီးယား (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၁၅ နာရီ)
မက်ဆီဒိုးနီးယားက ဒီပွဲနိုင်ရင် League B ကို တက်ဖို့ ရာနှုန်းပြည့် သေချာပါပြီ။ လတ်ဗီးယားကလည်း တန်းတက်ခွင့်ရော၊ တန်းမဆင်းခွင့်အတွက်ပါ အာမေးနီးယား၊ ဖာရိုးတို့နဲ့ အပြိုင်ဖြစ်နေလို့ ရုန်းကန်ရမယ့် အခြေအနေဖြစ်တယ်။ ဒါပေမဲ့ မြောက်မက်ဆီဒိုးနီးယားနဲ့ ခြေအဆင့်အတန်း တော်တော်ကွာနေပါတယ်။ မက်ဆီဒိုးနီးယားပဲ နိုင်မယ်။