နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံခရီးစဉ်အတွင်း စက်ရုံ၊ အလုပ်ရုံများသို့ သွား ရောက်လေ့လာခဲ့ကြောင်း သိရသည်။
နစကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် နိုဝင်ဘာ ၉ ရက်က ရှန်းကျန့်မြို့ရှိ Hytera ဆက်သွယ် ရေးနည်းပညာဆိုင်ရာကုမ္ပဏီနှင့် BYD ကားကုမ္ပဏီသို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်လေ့လာရာတွင် နစကဥက္ကဋ္ဌနှင့်အဖွဲ့အား Hytera Communications Corporation Limited ၏ Founder and Chairman ဖြစ်သူ Mr. Chen Qingzhou နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ပြီး ကုမ္ပဏီပြခန်းမအတွင်း၌ ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းကို ဖွင့်လှစ်ပြသကာ သမိုင်းအကျဉ်း၊ ကမ္ဘာတစ်ဝန်းလုံး၌ အသုံးပြုလျက်ရှိသည့် ကုမ္ပဏီမှ ထုတ်လုပ်သော ဆက် သွယ်ရေးနည်းပညာရပ်ဆိုင်ရာ ပစ္စည်းများနှင့် အသုံးဝင်မှုများ၊ အရေးပေါ်အခြေအနေများ၌ ဆက်သွယ်မှု မပြတ်တောက်စေရေး၊ ကဏ္ဍအလိုက် အခမ်းအနားကြီးများ ပြုလုပ်ရာတွင် ဆက်သွယ်မှုစနစ် လွယ်ကူမြန်ဆန် ချောမွေ့စေရေး ဆောင်ရွက်နိုင်ခဲ့မှုများအတွက် ဆုတံဆိပ်များရရှိခဲ့များ၊ ခေတ်အလိုက် ပြောင်းလဲတိုးတက် လာသည့် နည်းပညာနှင့်အတူ ဆန်းသစ်တီထွင် ထုတ်လုပ်ထားရှိပြီး စျေးကွက်အတွင်း ဖြန့်ဖြူးပေးလျက်ရှိသည့် ဆက်သွယ်ရေးပစ္စည်းကိရိယာများ စသည်တို့ကို လိုက်လံရှင်းလင်းတင်ပြရာ နစကဥက္ကဋ္ဌက သိရှိလိုသည် များနှင့် အကြုံပြုချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် နစကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကွမ်တုံပြည်နယ်၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်စီးပွားရေး ဆောင်ရွက်မှုများ အကောင်အထည်ဖော်ခဲ့သည့် နှစ် ၄၀ မြောက် အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ထားသည့် The Tide Rises in the Pearl River Exhibition Center သို့သွားရောက် လေ့လာကြည့်ရှုရာ ပြတိုက်မှူး Mr.Huang Chen နှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ပြီး ရှန်းကျန့်မြို့၏ ခေတ်အဆက်ဆက် ပြုပြင်ပြောင်းလဲတိုးတက်လာမှု သမိုင်းမှတ်တမ်းကို ဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။
ယင်းနောက် နှစ်အလိုက် ပြောင်းလဲလာသည့် ကွမ်ကျိုးလူနေမှုဘဝ၊ ပညာရေးစနစ်၊ အုပ်ချုပ်ရေးစနစ်၊ ကွမ်တုံပြည်နယ်၏ သင်္ကေတ၊ ၁၉၈၀ နောက်ပိုင်း ပြည်တွင်း၊ ပြည်ပတင်ပို့ ရောင်းချလျက်ရှိသည့် ချည်ထည်ပြ ခန်းအပါအဝင် ကဏ္ဍစုံ၌ ဖွံ့ဖြိုးတိုးတက်လာသည့် မှတ်တမ်းဓာတ်ပုံများ၊ သရုပ်ပြပုံများ၊ အထူးစီးပွားရေးဇုန် စတင်ထူထောင်ခဲ့မှု မှတ်တမ်းများ၊ အခြေခံအဆောက်အဦ စတင်ဆောက်လုပ်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများနှင့် ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုနှင့် ပြုပြင်ပြောင်းလဲမှု ကာလတစ်လျှောက် ပါတီဗဟိုကော်မတီက ချမှတ်ပေးခဲ့သော ပြုပြင်ပြောင်းလဲမှုနှင့် အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာမှု ပြခန်းများကို လေ့လာကြည့်ရှုခဲ့ပြီး ပြတိုက်မှူးနှင့် ပြကွက်များအလိုက် တာဝန်ခံများ၏ ရှင်းလင်းတင်ပြမှုများအပေါ် နစကဥက္ကဋ္ဌင့် အဖွဲ့ဝင်များက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာ ၉ ရက်ညပိုင်းတွင် နစကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် Civic Center သို့ရောက်ရှိပြီး LED Light Show ရောင်စုံမီးအလှများအား နည်းပညာ အသုံးပြု၍ လူအများ စိတ်ဝင်စားစေရန် ဆောင် ရွက်ထားရှိမှုအား သွားရောက်ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
ထို့အတူနစက ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်အသင်းချုပ် (UMFCCI) မှ တည်ခင်းဧည့်ခံသည့် ခရီးစဉ် ဂုဏ်ပြု ညစာစားပွဲကို အတူတကွ တက်ရောက်သုံးဆောင်ခဲ့ပြီး ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များကို နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် နစကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရှန်းကျန့်မြို့ရှိ BYD မော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီသို့ ရောက်ရှိလေ့လာရာ ကုမ္ပဏီမှ Asia- Pacific Auto Sales Division Country Head of BYD Myanmar ဖြစ်သူ Mrs.Gillian Li နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ပြီး ကုမ္ပဏီမှ ထုတ်လုပ်ထားသည့် BYD-U9 မော်ဒယ်ဖြင့် သရုပ်ပြသခြင်း၊ မော်တော်ယာဉ် ဖွဲ့စည်းတည်ဆောက်မှု အစိတ်အပိုင်းများကို အပိုင်းလိုက် ခင်းကျင်းပြသထားမှု၊ နှစ်အလိုက်ဖွံ့ဖြိုးတိုးတက်လာမှုများ၊ ထုတ်လုပ်နေမှု အဆင့်ဆင့်အား ပုံစံငယ်ဖြင့် ပြသထားမှု၊ EV ရထားနှင့် ရထားတွင် ပါဝင်သည့် အစိတ်အပိုင်းများ၊ ပြည်တွင်း၊ ပြည်ပ၌ ပြေးဆွဲလျက်ရှိမှုများ၊ ကုမ္ပဏီမှ ထုတ်လုပ်သုံးစွဲထားသည့် ဘထ္ထရီနှင့် ရိုးရိုးဘထ္ထရီတို့၏ ခံနိုင်ရည်စွမ်းရည်အား လက်တွေ့နှိုင်းယှဉ် သရုပ်ပြသမှုတို့ကို လိုက်လံကြည့်ရှုလေ့လာခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
နစကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုဝင်ဘာ ၈ ရက်က ချုံချင့်မြို့ရှိ Zhongyue Aviation UAV Firefighting-Drone Co.Ltd. သို့ သွားရောက်ခဲ့ပြီး ကုမ္ပဏီမှ ထုတ်လုပ်ထားသော လူမှုကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုသည့် အဆင့်မြင့်ဒရုန်းများ ခင်းကျင်းပြသထားရှိမှုကို လိုက်လံကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက အထပ်မြင့် အဆောက်အဦများ၊ တောမီးလောင်ကျွမ်းမှုများနှင့် အခြားသော သဘာဝဘေးကယ်ဆယ်ရေး လုပ်ငန်းတို့တွင် ဒရုန်းများအသုံးပြု၍ ပြုလုပ်ပုံအဆင့်ဆင့်အား ရှင်းလင်းတင်ပြပြီး ဒရုန်းဖြင့် မီးငြိှမ်းသတ်မှုအား လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
ထို့နောက် နစကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ှSERES မော်တော်ကားကုမ္ပဏီသို့ သွားရောက်ခဲ့ပြီး ကားစက်ရုံ၏ သမိုင်းအကျဉ်း၊ ကုမ္ပဏီမှ ထုတ်လုပ်လျက်ရှိသည့် ကားအမျိုးအစားများကို ပြကွက်တစ်ခုချင်းစီ အလိုက်၊ ကားအမျိုးအစားအလိုက် အချက်အလက်များနှင့် စက်ရုံအတွင်း ကားထုတ်လုပ်နေမှု အဆင့်ဆင့်ကို အသေးစိတ် လိုက်လံလေ့လာခဲ့ကြောင်း သိရသည်။
ထို့အတူ နစကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် Chongqing International Logistics Hub Park သို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ပြီး တရုတ်-ဥရောပ-အနောက်နိုင်ငံတို့အကြား ကုန်စည်စီးဆင်း လျက်ရှိသည့် ကုန်းလမ်း၊ ရေလမ်း လမ်းပြမြေပုံ၊ ချုံချင့်မြို့၏ ဖွံ့ဖြိုးတိုးတက်မှုသမိုင်း၊ ယန်စီမြစ်ပေါ်ရှိ ကုန်စည်စီးဆင်းမှုဆိပ်ကမ်းများနှင့် လမ်းပန်းဆက်သွယ်ရေးနှင့် မြို့ပြပုံစံငယ်တို့ကို လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၈ ရက်မွန်းလွဲပိုင်းတွင် နစက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် Weima လယ်ယာစက်မှုထုတ်ကုန် ကုမ္ပဏီသို့သွားရောက် လေ့လာကြရာ ဥက္ကဋ္ဌဖြစ်သူ Mr.Yan Hua နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ပြီး ကုမ္ပဏီ၏ သမိုင်းအကျဉ်းနှင့် အိမ်နီးချင်းနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများသို့ လယ်ယာလုပ်ငန်းသုံး ထုတ်ကုန်စက်ပစ္စည်းများ၊ ရေစုတ်စက်၊ မီးစက်၊ နှင်းရှင်းစက်နှင့် လမ်းရှင်းစက်များ တင် ပို့ရောင်းချရလျက်ရှိမှု၊ ကုမ္ပဏီမှ ထုတ်လုပ်ထားရှိသည့် စက်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုနှင့် အဆင့်ဆင့်ထုတ်လုပ်နေမှုတို့ကို လိုက်လံရှင်းလင်းပြသရာ နစကဥက္ကဋ္ဌက သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
နစကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် Chongqing Planning Exhibition ပြတိုက်သို့ ရောက်ရှိရာ ချုံချင့်မြို့ ဒုတိယ မြို့တော်ဝန်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ပြီး ပြတိုက်မှ တာဝန်ရှိသူများက ချုံချင့်မြို့၏ ခေတ်အဆက်ဆက် ဖြစ်ပေါ်ပြောင်းလဲ တိုးတက်ခဲ့မှုများ၊ ဒေသနေပြည်သူများ၏ လူနေမှုဘဝ အဆင့်အတန်း မြင့်မားတိုးတက်လာမှုနှင့် ရိုးရာယဉ်ကျေးမှုပုံစံများ၊ မြို့ပြပုံစံငယ်များ၊ ကဏ္ဍပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်နေမှုကို ဖော်ပြထားသည့် အထူးပြုလုပ်ချက်ဗီဒီယိုများ စသည်ဖြင့် ပြကွက်တစ်ခုချင်းစီအလိုက် လိုက်လံရှင်းလင်း ပြသရာ သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
နစကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် နိုဝင်ဘာ ၈ ရက် ညပိုင်းတွင် ချုံချင့်မြို့ရှိ ့ Yuantongsi သင်္ဘောဆိပ်သို့ရောက်ရှိပြီး ယန်စီမြစ်အတွင်း သင်္ဘောစီး၍ လေ့လာခဲ့ကြောင်းနှင့် သင်္ဘောပေါ်တွင် လိုက်ပါလာသည့် ချုံချင့်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံကာ တရုတ်-မြန်မာစီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေ များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။