ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားနှင့် ချုပ်ဆိုထားသည့် ကာကွယ်ရေးစာချုပ်ကို ဥပဒေအဖြစ် လက်မှတ်ရေးထိုးအတည်ပြု

ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားနှင့် ချုပ်ဆိုထားသည့် ကာကွယ်ရေးစာချုပ်ကို ဥပဒေအဖြစ် လက်မှတ်ရေးထိုးအတည်ပြု
ဇူလိုင် ၁၉ ရက်က မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်တွင် ကာကွယ်ရေးစာချုပ် လက်မှတ်ရေးထိုးပြီး နောက် လက်ဆွဲနှုတ်ဆက်နေသည့် ရုရှားသမ္မတပူတင်(ဝဲ) နှင့် မြောက်ကိုရီးယားခေါင်းဆောင်ကင်တို့ကို တွေ့ရစဉ်(Photo:Reuters)
ဇူလိုင် ၁၉ ရက်က မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်တွင် ကာကွယ်ရေးစာချုပ် လက်မှတ်ရေးထိုးပြီး နောက် လက်ဆွဲနှုတ်ဆက်နေသည့် ရုရှားသမ္မတပူတင်(ဝဲ) နှင့် မြောက်ကိုရီးယားခေါင်းဆောင်ကင်တို့ကို တွေ့ရစဉ်(Photo:Reuters)
Published 11 November 2024

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် မြောက်ကိုရီးယားနှင့် ချုပ်ဆိုထားသည့် ကာကွယ်ရေးစာချုပ်ကို ဥပဒေအဖြစ် လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြောင်း ရုရှားအစိုးရက နိုဝင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်တွင် ပူတင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့၏ အစည်းအဝေးအတွင်း လက်မှတ်ရေးထိုးခဲ့သည့် ထိုစာချုပ်တွင် လက်နက်ကိုင်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် အပြန်အလှန်အကူအညီပေးရန် သဘောတူညီချက်ပါရှိခဲ့သည်။

ထိုစာချုပ်ကို ပြီးခဲ့သည့်လက ရုရှားအောက်လွှတ်တော်ာက အတည်ပြုခဲ့ပြီး ယခုသီတင်းပတ်အတွင်း အောက်လွှတ်တော်က အတည်ပြုခဲ့သည်။

ပူတင်သည် ထိုစာချုပ်ကို အတည်ပြုကြောင်း ဥပဒေတစ်ရပ်ကို နိုဝင်ဘာ ၉ ရက်က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းကို ရုရှားက ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက ထိုစာချုပ်ချုပ်ဆိုမှုသည် ရုရှားနှင့် မြောက်ကိုရီးယားအကြား ဆက်ဆံရေးများကို ပိုမိုနီးစပ်စေခဲ့သည်။

တောင်ကိုရီးယားနှင့် အနောက်နိုင်ငံများကမူ မြောက်ကိုရီးယားသည် ရုရှားကို လက်နက်များ ထောက်ပံ့ပေးနေကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းကျွမ်းးကျင်သူများကလည်း ရုရှားတို့တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် နေရာများတွင် မြောက်ကိုရီးယား လုပ်လက်နက်အပိုင်း အစများကိုတွေ့ရကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးကမူ မြောက်ကိုရီးယားစစ်သားများ ရှေ့တန်းစစ်မြေပြင်သို့ မရောက်မီ အရေးယူဆောင်ရွက်ကြရန် မဟာမိတ်နိုင်ငံများကို တိုက်တွန်းခဲ့သည်။

မြောက်ကိုရီးယားစစ်သားများကို ရှေ့တန်းတွက် ဖြန့်ကြက်ချထားမည့်အရေးကို ထိုင်ကြည့်မနေကြရန် ဇယ်လန်စကီးက မဟာမိတ်နိုင်ငံများကို ပြောကြားခဲ့ပြီး ယူကရိန်း စစ်တပ်အကြီးအကဲကလည်း ယူကရိန်းစစ် သားများသည် နှစ်နှစ်ကျော် ကြာမြင့်လာသည့် စစ်ပွဲအတွင်း ရုရှား၏ အပြင်းထန်ဆုံး ထိုးစစ်များထဲမှ တစ်ခုကို ရင်ဆိုင်နေရကြောင်း သတိပေးခဲ့သည်။

မြောက်ကိုရီးယားစစ်သားများ စစ်သင်တန်း လေ့ကျင့်နေသည့် စခန်းများကို ယူကရိန်းက လက်ဦးမှုရယူ တိုက်ခိုက်မည့်အလားအလာကို ဇယ်လန်စကီးက အလေးထားပြောဆိုခဲ့ပြီး မြောက်ကိုရီးယားစစ်သားများ၏ တည်နေရာကို ယူကရိန်းက သိထားသည်ဟု ဆိုသည်။

သို့သော် ရုရှား၏ နယ်ရှိုင်းသည့် နယ်နိမိတ်အတွင်းရှိ ပစ်မှတ်များကို အနောက်နိုင်ငံလုပ် တာဝေးပစ် လက်နက်များအသုံးပြုပြီး တိုက်ခိုက်ခွင့်ကို မဟာမိတ်များက ခွင့်မပြုသဖြင့် ယူကရိန်းအနေဖြင့် ကြိုတင်လက်ဦးမှု ရယူတိုက်ခိုက်နိုင်ခြင်းမရှိကြောင်း ဇယ်လန်စကီးက ပြောသည်။

မြောက်ကိုရီးယားစစ်သား ၈၀၀၀ မှ ၁ဝဝဝဝအကြား ရုရှားတွင်ရှိနေပြီး ထိုစစ်သားများသည် ရုရှား၏နယ်စပ် ကာ့စ်ဒေသသို့ သွားရောက်ခဲ့ပြီးဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က အမေရိကန်ထောက်လှမ်းရေးသတင်းများ ကိုကိုးကားပြီး အောက်တိုဘာ ၃၁ ရက်က ပြောကြားခဲ့ သည်။ မြောက်ကိုရီးယားစစ်သားများ ရှိနေသည်ဆိုသည့်သတင်းများနှင့် ပတ်သက်ပြီး ရုရှားက အတည်ပြုခဲ့ခြင်းမရှိပေ။

Ref:Reuters/AFP

                                    

Most Read

Most Recent