အာဆီယံအစည်းအဝေးတွင် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်က တရုတ်ကို စိန်ခေါ်

အာဆီယံအစည်းအဝေးတွင် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်က တရုတ်ကို စိန်ခေါ်
Published 10 October 2024

အောက်တိုဘာ ၁၀ ရက်က လာအိုနိုင်ငံတွင် ပြုလုပ်သည့် အာဆီယံအစည်းအဝေးအတွင်း တောင်တရုတ်ပင်လယ်၌ မကြာသေးမီက ဖြစ်ပွားခဲ့သည့် ခိုက်ရန်ဖြစ်ပွားမှုများနှင့် ပတ်သက်ပြီး ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်က တရုတ်ဝန်ကြီးချုပ် လီချင်ကို စိန်ခေါ်ခဲ့သည်။

အာဆီယံ အစည်းအဝေးများအတွင်း မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို အဓိကထား ဆွေးနွေးခဲ့ပြီးနောက် တစ်ရက်အကြာတွင် လိုင်သည် အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

မကြာသေးမီလများအတွင်း တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းများနှင့် ကျောက်တန်းများအနီးတွင် တရုတ်နှင့် ဖိလစ်ပိုင်သင်္ဘောများ ခိုက်ရန်ဖြစ်ပွားသည့် ဖြစ်စဉ်များရှိခဲ့သည်။

မားကို့စ်သည် လီနှင့်တွေ့ဆုံချိန်က ထိုအကြောင်းအရာကို အဓိကထားပြောကြားခဲ့ပြီး “သင့်အနေဖြင့် နိုင်ငံရေးလုံခြုံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ခွဲခြားမရနိုင်ကြောင်း”ပြောဆိုခဲ့သည်ဟု ထိုအစည်းအဝေး ကိုတက်ရောက်သည့် အရှေ့တောင် အာရှသံတမတန်တစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။

လီသည် သြစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်းနစ်နှင့်လည်း ထိုနေ့တွင် တွေ့ဆုံခဲ့ပြီး ကုန်သွယ်ရေး ကိစ္စများကို အဓိကထား ဆွေးနွေးခဲ့သည်။

မားကို့စ်ကမူ တရုတ်သည် နိုင်ငံရေးအရ တင်းမာမှု မြင့်တက်နေချိန်တွင် စီးပွားရေး ဆက်ဆံမှုများ ကောင်းမွန်နေသည့် ပုုံစံဖြင့် ဟန်ဆောင်၍ မရနိုင်ကြောင်း အာဆီယံအစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု အရှေ့တောင်အာရှ သံတမန်တစ်ဦးက ပြောသည်။

သက်ဆိုင်သည့်နိုင်ငံများအနေဖြင့် ပင်လယ်ရေကြောင်းဆိုင်ရာ စံနှုန်းများနှင့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း မားကို့စ်က ဆိုသည်။

အာဆီယံခေါင်းဆောင်များကမူ တောင်တရုတ်ပင်လယ်တွင် နိုင်ငံတကာဥပဒေကို လေးစားလိုက်နာရန်နှင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် ကာလကြာရှည်တိုက်တွန်းချက်များကိုသာ ထပ်မံပြောဆိုခဲ့သည်ဟု အ စည်းအဝေးဥက္ကဋ္ဌ၏ အစီရင်ခံစာမူကြမ်းတွင် ရေးသားထားသည်ကို အေအက်ဖ်ပီသတင်းဌာနက မြင်တွေ့ခဲ့ရသည်။

အငြင်းပွားဖွယ်ရေပြင်များအတွင်း ပဋိပက္ခများ မကြာခဏနှင့် ပိုမိုပြင်းထန်စွာ ဖြစ်ပွားလာမှုသည် အခြေအနေကို ပိုမိုဆိုးရွားစေမည့် စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။

“တောင်တရုတ်ပင်လယ်အရေးဟာ ပဋိပက္ခကျယ်ပြန်လာနိုင်တဲ့ အန္တရာယ်တွေရှိနေတာနဲ့အတူ ချက်ချင်းဖြေရှင်းရမယ့် အရေးကိစ္စတစ်ခု ဖြစ်ပါတယ်”ဟု စင်ကာပူဝန်ကြီးချုပ် လောရန့်စ်ဝေါင်က အောက်တိုဘာ ၉ ရက် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

တရုတ်သည် နှစ်စဉ် ကုန်သွယ်မှု တန်ဖိုးဒေါ်လာ ထရီလျံချီတန်ဖိုးရှိသည့် ကုန်ကူးသင်္ဘောများ ဖြတ်သွားရာ မဟာဗျူဟာမြောက် လမ်းကြောင်းများရှိသည့် တောင်တရုတ်ပင်လယ်၏ နယ်နိမိတ်အားလုံးနီးပါးကို ပိုင်ဆိုင် ကြောင်း ကြေညာထားသည်။

သို့သော် အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်းတို့ကလည်း တောင်တရုတ် ပင်လယ်အတွင်းရှိ ကျွန်းများနှင့် ကျောက်တန်းများကို ပိုင်ဆိုင်ကြောင်းကြေ ညာထားပြီး တရုတ်နှင့်အငြင်းပွားလျက်ရှိသည်။

အထူးသဖြင့် မကြာသေးမီလများအတွင်း တရုတ်နှင့် ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်ဖွဲ့သင်္ဘောများအကြား ခိုက်ရန်ဖြစ်ပွားမှုများ မြင့်တက်ခဲ့ပြီး ထိုဖြစ်စဉ်များနှင့်ပတ်သက်ပြီး တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ပြစ် တင် ဝေဖန်ခဲ့ကြသည်။

Ref:AFP

 

                  

Most Read

Most Recent