■ ထိုင်းစစ်တပ်က မြန်မာအမျိုးသားတစ်ဦးကို ရိုက်နှက်သတ်ဖြတ်

■ ထိုင်းစစ်တပ်က မြန်မာအမျိုးသားတစ်ဦးကို ရိုက်နှက်သတ်ဖြတ်
Published 15 November 2024

ယခုနှစ်အတွင်း ထိုင်းမြန်မာနှစ်နိုင်ငံနယ်စပ်အနီးတွင် ထိုင်းစစ်တပ်က မြန်မာအမျိုးသားတစ်ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က နိုဝင်ဘာ ၁၄ ရက်တွင် စွပ်စွဲပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအနောက်ပိုင်း မဲဆောက်ခရိုင်တွင် စစ်သားလေးဦးက အသက် ၃၇ နှစ်အရွယ် အောင်ကိုကိုအမည်ရှိ မြန်မာအမျိုးသားတစ်ဦးကို ထိုင်းရပ်ကျေးလုံခြုံရေးအဖွဲ့ ယူနီဖောင်းကို ဝတ်ဆင်မှုဖြင့် ဇန်နဝါရီ ၁၂ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း Fortify Rights အဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

၎င်းတို့ထဲမှ စစ်သားသုံးဦးက အောင်ကိုကိုကို စစ်ဆေးမေးမြန်းနေစဉ် သစ်သားတုတ်ချောင်းအရှည်တစ်ချောင်းဖြင့် ရိုက်နှက်ခဲ့ကာ သွေးထွက်ဒဏ်ရာများဖြင့် ပြန်လည်လွှတ်ပေးခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများ၊ အခင်းဖြစ်ပွားရာနေရာမှ ဓာတ်ပုံများနှင့် အလောင်းခွဲစိတ်စစ်ဆေးမှု ရလဒ်ကို ကိုးကားပြီး အစီရင်ခံစာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

"အောင်ကိုကို ကို ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်သတ်ဖြတ်တဲ့အပေါ် မဖြေရှင်းဘဲနဲ့တော့ လက်သင့်မခံနိုင်ပါဘူး။ ဒီဖြစ်စဉ်မှာ တာဝန်ရှိတဲ့ စစ်သားကို နှောင့်နှေးတာမျိုးမရှိဘဲ တရားဥပဒေအရ အရေးယူသင့်ပါတယ်"ဟု Fortify Rights ၏ စီအီးအို မက်သရူးစမစ်က ပြောကြားခဲ့သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး မျက်မြင်တွေ့ရှိခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦးသည် လူသေမှုနှင့် စီရင်ချက်ချခံခဲ့ရကြောင်း အစီရင်ခံစာတွင်ဆိုသည်။

အသက် ၂၄ နှစ်အရွယ် ဆီရာချက်သည် ထောင်ဒဏ်သုံးနှစ်လေးလ ချမှတ်ခံခဲ့ရ ကြောင်း Fortify Rights က ပြောကြားခဲ့ပြီး ထိုအမှုသည် တရားရေးစနစ်အရ မလျော်ကန်ကြောင်းနှင့် မှန်မှန်ကန်ကန် တရားစီရင်သင့်ကြောင်း ပြောကြားခဲ့သည်။

ထိုင်းစစ်တပ်က ယင်းစွပ်စွဲမှုများကို စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။

"ကျွန်တော်တို့အနေနဲ့ ဒီအဖြစ်အပျက်ကို အချက်အလက်တွေနဲ့ တကွ စုံစမ်းစစ်ဆေးနေပါတယ်။ဒါပေမဲ့ ထိုင်းနိုင်ငံဟာ လူ့အခွင့်အရေးတွေကို ဦးစားပေး အရေးထားတဲ့ နိုင်ငံဖြစ်ပြီး လူတိုင်းတန်းတူညီမျှအခွင့်အရေးရရှိပါတယ်"ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် သာနာသစ်ဆာဝမ်ဆန်းက အေအက်ဖ်ပီ သတင်းကို ဖြေကြားခဲ့သည်။

 

Most Read

Most Recent