ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင် အသတ်ခံရမှုနှင့်ပတ်သက်ပြီး အိန္ဒိယနှင့် ကနေဒါ တင်းမာမှုပိုဆိုးလာကာ သံတမန်များ အပြန်အလှန်နှင်ထုတ်

ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင် အသတ်ခံရမှုနှင့်ပတ်သက်ပြီး အိန္ဒိယနှင့် ကနေဒါ တင်းမာမှုပိုဆိုးလာကာ သံတမန်များ အပြန်အလှန်နှင်ထုတ်
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်က နယူးဒေလီတွင်ပြုလုပ်သည့်  ဂျီ၂၀ ထိပ်သီးအစည်းအဝေးအတွင်း  အိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီ(ယာ) နှင့် ကနေဒါဝန်ကြီးချုပ်ဂျက်စတင် ထရူးဒိုး(ဝဲ) တို့ သီးသန့်တွေ့ဆုံနေစဉ်(Photo: AP)
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်က နယူးဒေလီတွင်ပြုလုပ်သည့်  ဂျီ၂၀ ထိပ်သီးအစည်းအဝေးအတွင်း  အိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီ(ယာ) နှင့် ကနေဒါဝန်ကြီးချုပ်ဂျက်စတင် ထရူးဒိုး(ဝဲ) တို့ သီးသန့်တွေ့ဆုံနေစဉ်(Photo: AP)
Published 15 October 2024

ပြီးခဲ့သည့်နှစ်က ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင်တစ်ဦး ကနေဒါတွင်လုပ်ကြံခံခဲ့ရသည့်ကိစ္စအတွက် အိန္ဒိယနှင့်ကနေဒါတို့အကြား အပြန်အလှန်စွပ်စွဲမှု ၊ တင်းမာမှုများပိုဆိုးလာပြီး သံတမန်နှင်ထုတ်မှုများလည်း အပြန်အလှန်လုပ်ဆောင်လာကြသည်။

ဆစ်ခ်ခွဲထွက်ရေးသမား ဟာဒီဆင်းနီဂျာ အသတ်ခံရမှုတွင် အိန္ဒိယစပိုင်အေးဂျင့်များ တိုက်ရိုက်ပတ်သက်နေကြောင်း ကနေဒါရဲတပ်ဖွဲ့ကအခိုင်အမာပြောဆိုမှု ထွက်လာပြီးသည့်နောက်တွင် ဝန်ကြီးချုပ်ဂျက်စတင် ထရူးဒိုးဦးဆောင်သည့် အစိုးရက တုံ့ပြန်မှုပြလိုက်ခြင်းဖြစ်သည်။

အိန္ဒိယတွင် ဆစ်ခ်သီးခြားနယ်မြေရရန် ကြိုးပမ်းနေသည့် ခါလစ်စတန်ထောက်ခံရေးအဖွဲ့ရှိပြီး ယင်းအဖွဲ့ဝင်များကိုပစ်မှတ်ထားသည့် လုပ်ရပ်များတွင်  အိန္ဒိယသူလျှိုများ ပါဝင်ပတ်သက်နေသည်ဟု ကနေဒါရဲတပ်ဖွဲ့က ပြောဆိုလာသည်။

အိန္ဒိယဘက်ကမူ ယင်းသို့စွပ်စွဲမှုများကို ငြင်းဆိုခဲ့ပြီး ကနေဒါဝန်ကြီးချုပ်က နိုင်ငံရေး အကျိုးအမြတ်အတွက် ကနေဒါရှိဆစ်ခ်အသိုင်းအဝိုင်းကို မျက်နှာသာပေးနေခြင်းဟု ပြန်စွပ်စွဲထားသည်။

အောက်တိုဘာ ၁၄ ရက်က ရုပ်သံထုတ်လွှင့်မှုတွင် ဝန်ကြီးချုပ်ထရူးဒိုးက “ကနေဒါ ရဲတပ်ဖွဲ့ရဲ့အထောက်အထားတွေကို လျစ်လျူရှုလို့မရပါဘူး။ အဆုံးသတ်ကောက်ချက်ကတော့ ကနေဒါမှာအများပြည်သူလုံခြုံရေးကို ထိခိုက်စေမယ့် ရာဇဝတ်မှုလုပ်ရပ်တွေကို မဖြစ်မနေတားဆီးဖို့ပါပဲ။ဒါ့ကြောင့်ခုလိုတု့့ံပြန်လိုက်တာပါ”ဟု ပြောသည်။

အိန္ဒိယဘက်ကလည်း ကနေဒါ၏စွပ်စွဲချက်ကို တောက်လျှောက်ငြင်းလာပြီးမည်သည့်အထောက်အထားမှ မပြနိုင်ဘဲပြောနေခြင်းဖြစ်သည်ဟု တုံ့ပြန်ပြောဆိုထားသည်။ နီဂျာအသတ်ခံရမှုတွင် အိန္ဒိယအစိုးရ  ပတ်သက်နေသည်ဟု ထရူးဒိုးပြောလိုက်ပြီးကတည်းက ကနေဒါနှင့်အိန္ဒိယဆက်ဆံရေးမှာ တင်းမာသွားတော့သည်။ ထိုမှအဆက်အဆံပျက်ပြားသည်အထိဖြစ်လာပြီး ကနေဒါသံရုံးဝန်ထမ်းများကို ပြန်ခေါ်ရန်  အိန္ဒိယက ကနေဒါဘက်ကိုတောင်းဆိုကာ  ဗီဇာပေးမှုများလည်း ရပ်ဆိုင်းလိုက်သည်။

အောက်တိုဘာ ၁၄ ရက်တွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ကနေဒါ၏စွပ်စွဲချက်များသည် ဆစ်ခ်ခွဲထွက်ရေးဝါဒီများ၏ လွှမ်းမိုးမှုပါနေသည်ဟု ထုတ်ပြန်လိုက်သည်။ထိုနေ့နှောင်းပိုင်းတွင် ယာယီမဟာမင်းကြီး စတီးဝါ့ဒ်ရော့စ်ဝှီလာအပါအဝင် ကနေဒါသံတမန်ခြောက်ဦး အောက်တိုဘာ ၁၉ ရက်နောက်ဆုံးထားပြီး အိန္ဒိယမှထွက်ခွာရန် အကြောင်းကြားလိုက်သည်။

မစ္စတာဝှီလာကိုလည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်ကာ မေးမြန်းမှုများ လုပ်ဆောင်ခဲ့သည်။

ထို့ပြင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ကနေဒါရှိ၎င်းင်းတို့သံတမန်များကို ပြန်ခေါ်လိုက်ပြီဖြစ်သည်။

“လက်ရှိကနေဒါအစိုးရက သူတို့တွေရဲ့လုံခြုံရေးအတွက် ကတိပေးထားတာကို အယုံအကြည်မရှိတော့ပါဘူး။ ဒီတော့မဟာမင်းကြီးနဲ့ တခြားသံတမန်တွေ၊ အရာရှိတွေကို ပြန်ခေါ်ဖို့ အိန္ဒိယအစိုးရက ဆုံးဖြတ် လိုက်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်သည်။

 ၂၀၂၃ ခုနှစ်၊ ဇွန်တွင် ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင်နီဂျာကို ဆစ်ခ်ဘုရားကျောင်းတစ်ခု၏အပြင်ဘက်တွင် မျက်နှာဖုံးဝတ်သေနတ်သမားနှစ်ဦးက  ပစ်သတ်သွားခဲ့သည်။ နီဂျာသည် ခါလစ်စတန်လှုပ်ရှားရေးအဖွဲ့ကို  အမာခံထောက်ခံလာသူဖြစ်သည်။

Ref: BBC