ဒေါ်နယ်ထရန့်သည် ကြမ်းတမ်းသောစကားတို့ကို ပြောဆိုခြင်းဖြင့် သမ္မတရုံးကို သိက္ခာကျဆင်းစေခဲ့့သည်ဟု အမေရိကန် ဒုတိယသမ္မတ ကာမလာဟဲရစ် ဝေဖန်

ဒေါ်နယ်ထရန့်သည် ကြမ်းတမ်းသောစကားတို့ကို ပြောဆိုခြင်းဖြင့် သမ္မတရုံးကို သိက္ခာကျဆင်းစေခဲ့့သည်ဟု အမေရိကန် ဒုတိယသမ္မတ ကာမလာဟဲရစ် ဝေဖန်
ဂျော်ဂျီယာ စည်းရုံးရေးပွဲ၌ ကာမလာဟဲရစ် စည်းရုံးပြောကြားနေပုံကို အောက်တိုဘာ ၂၀ ရက်တွင် တွေ့ရစဉ်(Photo:AFP)
ဂျော်ဂျီယာ စည်းရုံးရေးပွဲ၌ ကာမလာဟဲရစ် စည်းရုံးပြောကြားနေပုံကို အောက်တိုဘာ ၂၀ ရက်တွင် တွေ့ရစဉ်(Photo:AFP)
Published 21 October 2024

ပြိုင်ဘက်ဒေါ်နယ်ထရန့်သည် ကြမ်းတမ်းသောစကားတို့ကို ပြောဆိုခြင်းဖြင့် သမ္မတရုံးကို သိက္ခာကျ ဆင်းစေခဲ့သည်ဟု အမေရိကန်ဒုတိယသမ္မတ ကာမလာဟဲရစ်က အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားခဲ့ သည်။

ရီပတ်ဘလီကင်ပါတီ ကိုယ်စားပြုသမ္မတလောင်း ဒေါ်နယ်ထရန့်က မကြားဝံ့မနာသာစကားတို့ကို အသုံးပြု၍ ဟဲရစ်ကို ပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာတွင် ဟဲရစ်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ထရန့်၏ စကားတို့သည် သမ္မတရုံးကို စော်ကားခြင်းဖြစ်ပြီး နိုင်ငံတကာ အတိုင်းအတာအားဖြင့် အမေရိကန် ပြည်ထောင်စု၏ ယုံကြည်ကိုးစားရမှု အနေအထားကို အဆင့်ကျအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု အမေ ရိကန်ရုပ်သံလွှင့်ဌာန MSNBC က ထုတ်လွှင့်ပေးခဲ့သော အင်တာဗျူးတွင် ဟဲရစ်က ပြောကြားခဲ့သည်။

“ကျွန်မရဲ့ပြိုင်ဘက်ဖြစ်တဲ့ အမေရိကန် သမ္မတဟောင်းကို ရှင်တို့မြင်ရတဲ့ အရာကတော့ (သမ္မတ)ရုံးကို တကယ့်သိက္ခာကျအောင် လုပ်နေတဲ့အရာ ဖြစ်ပါတယ်”ဟု ကာမလာဟဲရစ်က အင်တာဗျူးတွင် ဖြေကြားခဲ့ သည်။

အောက်တိုဘာ ၁၉ ရက်က ပင်ဆဲလ်ဗေးနီးယားပြည်နယ်တွင် ပြုလုပ်ခဲ့သော စည်းရုံးရေးပွဲတွင် ထရန့်က ဟဲရစ်ကို “အလကား ဒုတိယသမ္မတ”ဟု ပြောကြားခဲ့သည်။

ရွေးကောက်ပွဲကျင်းပရန် နှစ်ပတ်ခန့်သာလိုတော့ခြင်းနှင့်အတူ အမေရိကန် ရွေးကောက်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးသော ပြည်နယ်များအပါအဝင် အခြားသောပြည်နယ်များတွင် ပြုလုပ်ခဲ့သည့် စစ်တမ်းများအရ ဟဲရစ်နှင့်ထရန့်တို့ အပြိုင်ဖြစ်နေသည်ကို တွေ့ရသည်။

ထရန့်သည် စည်းရုံးရေးပွဲများတွင် ဘောင်ကျော်ပြောဆိုခြင်းများရှိခဲ့ပြီး တစ်ခါတစ်ရံတွင် ကြမ်းတမ်းသော စကားများပြောဆိုခြင်းနှင့် ထူးထူးဆန်းစကားများ ပြောဆိုခြင်းတို့ ရှိလာခဲ့သည်။

သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို တိုင်းပြည်အား ထပ်မံဦးဆောင် ခွင့်မပြုသင့်ဟု ဟဲရစ်က MSNBC ကို ပြောကြားခဲ့သည်။

“ဒေါ်နယ်ထရန့်ကို အမေရိကန်ပြည်ထောင်စု သမ္မတရဲ့တံဆိပ်တုံးနောက်မှာ ဘယ်တော့မှ ပေးမရပ်သင့်ပါဘူး။ သူဟာ အဲဒီအခွင့်အရေးနဲ့မထိုက်တန်ပါဘူး”ဟု ဟဲရစ်က ပြောကြားခဲ့သည်။

ထရန့်၏ ပြောစကားများသည် ဒီမိုကရေစီကဲ့သို့သော ကိစ္စရပ်တို့တွင်လည်းကောင်း၊ တရားဥပဒေ စိုးမိုးရေးကိစ္စရပ်တို့တွင်လည်းကောင်း အမေရိကန်ပြည်ထောင်စု ရရှိထားသော အခွင့်အာဏာ၊ကိုယ့်ဘာ သာရရှိထားသော အခွင့်အာဏာတို့ကို လျော့ပါစေသည်ဟု ၎င်းကပြောသည်။

အသက် ၇၈ နှစ်အရွယ် သမ္မတဟောင်း ဒေါ်နယ်ထရန့်၏ မဲဆွယ်စည်းရုံးရေးပွဲများသည် ကြမ်းတမ်းသော အသုံးအနှုန်းများ အသုံးပြုသော စည်းရုံးရေးပွဲများ ဖြစ်နေတတ်သည်။ ထို့အပြင် ရွေးကောက်ပွဲအတွက် အဓိက ကျသော လူဝင်မှုကြီးကြပ်ရေးကိစ္စနှင့် ပတ်သက်သော ပြောဆိုမှုတို့သည် အမှန်တရားနှင့်ကင်းကွာ နေတတ်သည်။

ဒေါ်နယ်ထရန့်သည် အထောက်အထားမဲ့ ရွှေ့ပြောင်းများကို တိရစ္ဆာန်များဖြင့် ခိုင်းနှိုင်းခဲ့ပြီး ရန်သူဟုယူဆ သူများကို ခြိမ်းခြောက်ခဲ့ကာ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ချီးကျူးခဲ့သည်။                        

Ref:AFP

Most Read

Most Recent