ရုရှား-ယူကရိန်းစစ်ပွဲအတွင်း မြောက်ကိုရီးယားစစ်သားများပါဝင်မှုနှင့်ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတနှင့် ကနေဒါဝန်ကြီးချုပ်တို့ သတိပေး

ရုရှား-ယူကရိန်းစစ်ပွဲအတွင်း မြောက်ကိုရီးယားစစ်သားများပါဝင်မှုနှင့်ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတနှင့် ကနေဒါဝန်ကြီးချုပ်တို့ သတိပေး
Published 30 October 2024

ရုရှား-ယူကရိန်းစစ်ပွဲအတွင်း မြောက်ကိုရီးယားစစ်သားများ ဖြန့်ကြက်ချထားမှုသည် ပဋိပက္ခကို အရှိန်ပိုမြင့်တက်စေနိုင်ကြောင်း ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူဒိုးက ပြောကြားခဲ့သည်ဟု တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယို၏ ရုံးက အောက်တိုဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးအကြား ဖုန်းဆက်သွယ်ပြောဆိုမှုတွင် ထရူဒိုးက ရုရှား-ယူကရိန်းစစ်ပွဲသည် ဥရောပနှင့် အင်ဒို-ပစိဖိတ်ဒေသ၏ လုံခြုံရေးအခြေအနေအပေါ် ကြီးမားစွာ သက်ရောက်စေလိမ့်မည်ဖြစ်ကြောင်းနှင့် ကနေဒါနှင့်တောင်ကိုရီးယားအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန် အဆိုပြုခဲ့သည်ဟု တောင်ကိုရီးယားသမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

ယွန်းကလည်း ရုရှားသို့ မြောက်ကိုရီးယားစစ်သားများဖြန့်ကြက်ချထားသည့် အရှိန်အဟုန်သည် မျှော်မှန်းထားသည်ထက် ပိုမိုမြန်ဆန်ခဲ့ပြီး အန္တရာယ်များသည့် အခြေအနေကို ဖန်တီးရာရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဩဂုတ်လကစပြီး ယူကရိန်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်နေသည့် ရုရှားနယ်စပ်ရှိ ကာ့စ်ဒေသတွင် မြောက်ကိုရီးယားစစ်သားအချို့ရှိနေကြောင်း အမေရိကန်က အောက်တိုဘာ ၂၉ ရက်က အတည်ပြုခဲ့သည်။

ထိုဒေသသို့ မြောက်ကိုရီးယားစစ်သားအများအပြား ရောက်ရှိလာလိမ့်မည်ဟုလည်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Ref: Reuters

Most Read

Most Recent