တရုတ်နိုင်ငံတွင်ကျင်းပသည့် ACMECS ထိပ်သီးအစည်းအဝေးတွင် နယူးဇီလန်နိုင်ငံကို ဒုတိယအသုတ် ACMECS ဖွံ့ဖြိုးတိုးတက်မှုနိုင်ငံအဖြစ် အတည်ပြုကြေညာပြီး ACMECS အလှည့်ကျဥက္ကဌတာ၀န်အား မြန်မာနိုင်ငံထံ လွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံတွင်ကျင်းပသည့် ACMECS ထိပ်သီးအစည်းအဝေးတွင် နယူးဇီလန်နိုင်ငံကို ဒုတိယအသုတ် ACMECS ဖွံ့ဖြိုးတိုးတက်မှုနိုင်ငံအဖြစ် အတည်ပြုကြေညာပြီး ACMECS အလှည့်ကျဥက္ကဌတာ၀န်အား မြန်မာနိုင်ငံထံ လွှဲပြောင်းပေးအပ်
Published 7 November 2024

တရုတ်နိုင်ငံတွင်ကျင်းပသည့် ACMECS ထိပ်သီးအစည်းအဝေးတွင် နယူးဇီလန်နိုင်ငံကို ဒုတိယအသုတ် ACMECS ဖွံ့ဖြိုးတိုးတက်မှုနိုင်ငံအဖြစ် အတည်ပြုကြေညာပြီး ACMECS အလှည့်ကျဥက္ကဌတာ၀န်အား မြန်မာနိုင်ငံထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

(၁ဝ) ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ(ACMECS)ထိပ်သီးအစည်းအဝေးတွင် ထိပ်သီးအစည်းအဝေး၏  ဗီယင်ကျန်းကြေညာစာတမ်းကို ထုတ်ပြန်ကြေညာခဲ့ပြီး အက်ခ်မက်ပင်မစီမံချက်၏ နောက်ဆက်တွဲအဖြစ် မဲခေါင်ဒေသတွင်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှု သဘောတရားစာတမ်းကို ထည့်သွင်းခဲ့ကြောင်း သိရသည်။

(၁၀) ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ(အက်မက်စ်) ထိပ်သီးအစည်းအဝေး (10th Ayeyawady- Chao Phraya-Mekong Economic Cooperation Strategy (ACMECS)ကို ယနေ့(နိုဝင်ဘာ ၇ ရက်) မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ Wyndham Grand Hotel ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကမ္ဘောဒီယားနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Hun Manet၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra နှင့် အဖွဲ့ဝင်များ၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Pham Minh Chich ၊ လာအိုနိုင်ငံဝန်ကြီးချုပ် H.E. Mr. Sonexay Siphandone ၊ အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီး များနှင့် အဆင့်မြင့်အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြ​ကြောင်း သိရသည်။

အစည်းအဝေးတွင် (၁၀) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူး ပေါင်း ဆောင်ရွက်မှုမဟာဗျူဟာ (အက်မက်စ်) ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ လာအို နိုင်ငံ ဝန်ကြီးချုပ်က အဖွင့်မိန့်ခွန်းကိုလည်းကောင်း၊ ကမ္ဘောဒီယားနိုင်ငံဝန်ကြီးချုပ်က အမှာစကားကိုလည်းကောင်း ပြောကြားကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ပထမအနေဖြင့် အက်ခ်မက် ပူးပေါင်းဆောင်ရွက်မှု၏ အလှည့်ကျဥက္ကဋ္ဌအဖြစ်(၄)နှစ်တာကာလကို အောင်မြင်စွာထမ်းဆောင်နိုင်ခြင်းအတွက် လာအိုနိုင်ငံဝန်ကြီးချုပ်ကို ချီးကျူးဂုဏ်ပြုလိုကြောင်း၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် လာအိုနိုင်ငံအနေဖြင့် ယခုကဲ့သို့ အရေးကြီးသည့် အစည်းအဝေးကို ဦးဆောင်ကျင်းပနိုင်ခြင်းနှင့် တရုတ်နိုင်ငံအနေဖြင့် မိမိအပါအဝင် မိမိတို့၏ ကိုယ်စား လှယ်အဖွဲ့ကို နွေးထွေးသော ဧည့်ဝတ်ပြုမှု၊ ကောင်းမွန်သောအစီအစဉ်များဖြင့် ကြိုဆို ပေးကြသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားသည်။

၂၀၀၃ ခုနှစ်၊ မြန်မာနိုင်ငံ၊ ပုဂံမြို့တွင် အခြေတည်ခဲ့သည့် အက်ခ်မက် ပူးပေါင်းဆောင်ရွက်မှုသည် ယခုဆိုလျှင် (၂၁) နှစ်သက်တမ်းရှိခဲ့ပြီဖြစ်ကြောင်း၊ စတင် တည်ထောင်ချိန်ကစ၍ အက်ခ်မက်သည် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရေး၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကို လျှော့ချရေးနှင့် ဒေသဆိုင်ရာ စီးပွားရေး ပေါင်းစည်းမှုကို မြှင့်တင်ရေးတို့အတွက် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်လျက်ရှိကြောင်း၊ မဲခေါင်နိုင်ငံ (၅) နိုင်ငံနှင့် စုစည်းထားသော အက်ခ်မက်ဖြစ်သည့်အတွက် (၅) နိုင်ငံတွင်ရှိ ပြည်သူများ၏ချစ်ကြည်ရင်းနှီးမှု နှောင်ကြိုးများသည် ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုနှင့် အိမ်နီးချင်းကောင်း ဆက်ဆံရေးအပေါ် အခြေခံထားခြင်းပင်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အပြင် မဲခေါင်ဒေသခွဲသည် အချက်အချာကျသော မဟာဗျူဟာကျ သည့်နေရာတွင် တည်ရှိပြီး၊ သဘာဝနှင့် လူမှု-ယဉ်ကျေးမှုဆိုင်ရာ အရင်းအမြစ်များ ပေါကြွယ်ဝမှုကြောင့် ထင်ရှားကျော်ကြားပါကြောင်း၊ ယနေ့ထိပ်သီးအစည်းအဝေး၏ မဲခေါင်ဒေသတွင်း ပေါင်းစည်းမှုမှသည် အကြားအလပ်မရှိသော ချိတ်ဆက်မှုဆီသို့ ဆိုသည့် ခေါင်းစဉ်နှင့်အညီ ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများသည် မိမိတို့ဒေသကို အလုံးစုံ ဖွံ့ဖြိုးတိုးတက်သည့်ဒေသအဖြစ် အသွင်းပြောင်းရန် ဖော်ပြပါ အားသာချက်များကို ထိရောက်စွာ အသုံးချရန် လိုအပ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ပူးပေါင်းဆောင်ရွက်မှုနှစ်များအတွင်း မိမိတို့ပူးပေါင်းဆောင်ရွက်မှု၏ အရှိန် အဟုန်ကို သက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များတွင် အစည်းအဝေးများ ကျင်းပ၍ ဆောင်ရွက်ဆဲလုပ်ငန်းစဉ်များနှင့် သက်သေပြနိုင်ခဲ့ကြောင်း၊ မိမိအနေဖြင့် အက်ခ်မက် ယာယီအတွင်းရေးမှူးရုံး(AIS) တည်ထောင်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းပြီး အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများနှင့် မဲခေါင်သိပ္ပံ (MI) တို့အကြား စာချွန်လွှာ အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ထိုင်းနိုင်ငံ၏ ဦးဆောင်ဦးရွက်ပြုမှုနှင့် အက်ခ်မက် အဖွဲ့ဝင်နိုင်ငံများ၏ စုပေါင်းကြိုးပမ်းမှုများကို အသိအမှတ်ပြုလိုကြောင်း၊ အက်ခ်မက် ယာယီအတွင်းရေးမှူးရုံး၏ လုပ်ဆောင်နိုင်စွမ်းသည် အက်ခ်မက်မူဘောင် အောက်တွင် ဒေသတွင်းပေါင်းစည်းမှုကို ဖော်ဆောင်မည့် အက်ခ်မက်၏ ပူးပေါင်း ဆောင်ရွက်မှု အရှိန်အဟုန်ကို ပိုမိုမြှင့်တင်ပေးနိုင်ခဲ့ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

မကြာမီက အက်ခ်မက်နိုင်ငံများသည် ဆိုင်ကလုန်း၊ တိုင်ဖုန်းမုန်တိုင်းများနှင့် ရေလွှမ်းမိုးမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များကို တွေ့ကြုံခံစားခဲ့ကြရပြီးယင်းစိန်ခေါ်မှုများသည် ဒေသတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူများ၏ စားဝတ်နေရေးနှင့် ဒေသတွင်းသာယာဝပြောရေးကို ခြိမ်းခြောက်ခဲ့ကြောင်း၊ ထိုကဲ့သို့ စိန်ခေါ်မှုများနှင့် ဆိုးကျိုးသက်ရောက်မှုများကို ကာကွယ်နိုင်ရန်အတွက် မိမိတို့အနေဖြင့်အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုများ၊ ဘေးကင်းရေးအသိပညာနှင့်ထိရောက်သည့်စီမံခန့်ခွဲမှုများနှင့် ဒေသတွင်းအဆင့် ခံနိုင်ရည်ရှိမှုကို မြှင့်တင်ပေးနိုင်ရန် လိုအပ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် မျှော်မှန်းထားသည့် ဖွံ့ဖြိုးတိုးတက်မှုအဆင့်ကို ရရှိနိုင်ရန် အားနည်းချက်များနှင့် စိန်ခေါ်မှုများကိုလည်း လေ့လာသုံးသပ်မိကြောင်း၊ အက်ခ်မက်အဖွဲ့ဝင်အများစုသည် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သောကြောင့် နည်းလမ်းတစ်မျိုးတည်း အသုံးပြုပြီး ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှုရရှိရန် ဆောင်ရွက် ရာတွင် စိန်ခေါ်မှုများ ရှိနေကြောင်း၊ မိမိတို့အနေဖြင့် အက်ခ်မက် ပင်မစီမံချက် (ACMECS Master Plan) တွင် ဖော်ပြထားသည့် ဒေသတွင်းဖွံ့ဖြိုးတိုး တက်မှု စီမံကိန်းများနှင့် အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရာတွင် ဆန်းသစ်သည့် မဟာဗျူဟာ များနှင့် လက်တွေ့ကျကျ အကောင်အထည်ပေါ်စေမည့် အသုံးချနိုင်သော ရန်ပုံငွေ ယန္တရားလည်း လိုအပ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာနိုင်ငံသည် တာဝန်ခံနိုင်မှုရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အမြဲကြိုဆိုလျက်ရှိပြီး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် ရင်းနှီးမြှုပ်နှံမှုများကို အား ပေးသည့် ဘက်စုံစီးပွားရေးပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး လုပ်ငန်းများ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို အလျင်အမြန်ဆောင်ရွက်ပေးခြင်းနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုနည်းလမ်းများ အဆင်ပြေချောမွေ့စေရေးတို့ကို ဆောင် ရွက်ခဲ့ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာနိုင်ငံသည်မဲခေါင်ဒေသခွဲအတွင်းရှိ အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုကို အထူးအလေးထား ဦးစားပေးဆောင်ရွက်လျက်ရှိသည်နှင့်အညီ အက်ခ်မက် မူဘောင်အောက်တွင် အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများ၏ ထားရှိခဲ့ သည့် ကာလရှည်ကြာချစ်ကြည်ရင်းနှီးမှု၊ အိမ်နီးချင်းကောင်းပီသမှု၊ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှုနှင့် အကျိုးအမြတ်မျှဝေမှုတို့အပေါ်တွင် အခြေခံပြီး တက်ကြွ စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ထို့နောက် ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်နှင့် လာအိုနိုင်ငံဝန်ကြီးချုပ်တို့က အမှာစကားများပြောကြားကြပြီး နယူးဇီလန်နိုင်ငံကို ဒုတိယအသုတ် အက်ခ်မက် ဖွံ့ဖြိုးတိုးတက်မှုနိုင်ငံအဖြစ် အတည်ပြုကြေညာ၍ (၁၀) ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမဟာဗျူဟာ(အက်မက်စ်) ထိပ်သီးအစည်းအဝေး၏  ဗီယင်ကျန်းကြေညာစာတမ်း ကို ထုတ်ပြန်ကြေညာကာ အက်ခ်မက်ပင်မစီမံချက်၏ နောက်ဆက်တွဲအဖြစ် မဲခေါင်ဒေသတွင်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှု သဘောတရားစာတမ်းကို ထည့်သွင်းခဲ့ကြောင်း သိရသည်။

ထို့နောက် လာအိုနိုင်ငံဝန်ကြီးချုပ်က အက်မက်စ် အလှည့်ကျဥက္ကဋ္ဌတာဝန်ကို နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လွဲပြောင်းပေးအပ်ပြီး အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် နစက ဥက္ကဋ္ဌ က အလှည့်ကျဥက္ကဋ္ဌတာဝန်ယူရခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် အက်ခ်မက်ဥက္ကဋ္ဌတာဝန် ထမ်းဆောင်စဉ်ကာလတွင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များမှရရှိသည့်အကျိုးကျေးဇူးများကို အက်ခ်မက် အဖွဲ့ဝင်နိုင်ငံများအားလုံး ရရှိခံစားနိုင်ရန်အတွက် ယခင်ဖွံဖြိုးတိုးတက်မှုလုပ်ငန်းစဉ် များကို ဆက်လက်ဆောင်ရွက်သကဲ့သို့ အခြေခံကျသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာများ ရေးဆွဲဖော်ဆောင်ခြင်းဖြင့်လည်းထိရောက်စွာကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် အက်ခ်မက်ပူးပေါင်းဆောင်ရွက်မှုကို ယခင်ဥက္ကဋ္ဌများ ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း ပြီးပြည့်စုံ၍ ဖွံ့ဖြိုးတိုးတက်သည့် အက်ခ်မက်ဒေသ တစ်ခုအဖြစ် မြှင့်တင်ဆောင်ရွက်ရေး ရှေ့ဆက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ဥက္ကဋ္ဌ အသစ်တာဝန်ကို စတင်ထမ်းဆောင်သည့်အခါ မိမိအနေဖြင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်နှင့် အက်ခ်မက် ပူးပေါင်းဆောင်ရွက်မှု၏ ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံအားလုံး၏ အမြော်အမြင် ကြီးမားမှု၊ ပံ့ပိုးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့ကို ရရှိလိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ လာမည့် အက်ခ်မက်ထိပ်သီး အစည်းအဝေးကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး အဆွေတော်တို့ကို တွေ့ဆုံနိုင်မည့် အခွင့်အလမ်းကို မျှော်လင့်စောင့်စားလျက်ရှိကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

(၁၀) ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်း ဆောင် ရွက်မှု မဟာဗျူဟာ (အက်မက်စ်) ထိပ်သီးအစည်းအဝေး (10th Ayeyawady- Chao Phraya-Mekong Economic Cooperation Strategy (ACMECS)) ကို မဲခေါင်နိုင်ငံများ၏ နယ်စပ်ဒေသများတွင် ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်ပြီး ဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုဖြစ်ထွန်းလာစေရန်၊ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အခွင့်အလမ်း ပိုမိုကောင်းမွန်သည့် ဒေသများသို့ ပြောင်းရွှေ့ရာ၌ အထောက်အကူပြုရန်၊ အလုပ် အကိုင် အခွင့်အလမ်းများ ဖန်တီးပေးပြီး အဖွဲ့ဝင်နိုင်ငံများအကြား ဝင်ငွေကွာဟမှုကို လျှော့ချရန်နှင့် အားလုံးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ညီတူညီမျှသာယာဝ ပြောရေးတို့ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေသည့် နည်းလမ်းဖြင့် တိုးမြှင့်ဆောင်ရွက်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent