အာဆင်နယ်အသင်းနှင့် ရုတ်တရက် လမ်းခွဲခဲ့သည့် အားကစားဒါရိုက်တာ အီဒူး လက်ထက်တွင် ကစားသမားသစ် ၃၈ ဦး ခေါ်ယူမှုအတွက် ပေါင် ၈၆၇ သန်း သုံးစွဲခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
အီဒူး(၄၆ နှစ်)သည် အာဆင်နယ်အသင်း၏ အားကစားဒါရိုက်တာအဖြစ် ဆောင်ရွက်ရာ၌ နာမည်ကောင်းရနေသူဖြစ်ပြီး အာဆင်နယ်အသင်း အင်အားတောင့်တင်းလာခြင်းမှာ ၎င်း၏ စွမ်းဆောင်ရည်အပေါ် မူတည်ကြောင်း ချီးကျူးမှုများလည်း ရှိနေသည်။ သို့သော် နော်တင်ဟမ်ဖောရက်စ်အသင်းနှင့်ဆွေးနွေးနေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် တနင်္လာနေ့တွင် ရာထူးမှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း အာဆင်နယ်အသင်းက အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။
ဘရာဇီးလ်လက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း အီဒူးသည် အာဆင်နယ်အသင်းတွင် ၂၀၀၁ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ယှဉ်ပြိုင်ကစားခဲ့ဖူးသူဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု နှစ်ကြိမ်၊ FA ဖလား သုံးကြိမ် ရယူနိုင်ခဲ့သည်။ ၎င်းသည် အာဆင်နယ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရှုံးပွဲမရှိရလဒ်ဖြင့် ရယူနိုင်ခဲ့သည့် ၂၀၀၃-၀၄ ရာသီတွင် ပါဝင်ခဲ့သူလည်းဖြစ်သည်။
အီဒူးသည် ၂၀၁၉ ခုနှစ်တွင် အာဆင်နယ်အသင်းသို့ နည်းစနစ်ဒါရိုက်တာအဖြစ် တစ်ကျော့ပြန် ရောက်ရှိလာခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်တွင် အားကစားဒါရိုက်တာအဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။ အီဒူးသည် နည်းပြ အာတီတာနှင့်အတူ အာဆင်နယ်အသင်းကို အတွဲညီညီ တည်ဆောက်နိုင်ခဲ့သော်လည်း စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်ရန်ဟူသည့် အကြောင်းပြချက်ဖြင့် ရုတ်တရက်လမ်းခွဲခဲ့ခြင်းဖြစ်သည်။
"ဒါဟာ ခက်ခက်ခဲခဲချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ အာဆင်နယ်က ကျွန်တော့်ကို အံ့အားသင့်စရာကောင်းတဲ့ လူတွေနဲ့ တွဲဖက်အလုပ်လုပ်ခွင့်၊ အသင်းရဲ့သမိုင်းမှာ အစိတ်အပိုင်းတစ်ရပ်ဖြစ်ခွင့် ပေးခဲ့ပါတယ်။ ဒီအတွက် တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါ တယ်။ တကယ်ထူးချွန်တဲ့လူတွေနဲ့ လက်တွဲခဲ့ရတဲ့အတွက်လည်း ကျေနပ်ပါတယ်။ အထူးသဖြင့် မိတ်ဆွေကောင်းတစ်ယောက်ဖြစ်လာခဲ့တဲ့ မီခေးလ်(အာတီတာ)ပေါ့။ အခုကတော့ ခြားနားတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ရမယ့် အချိန်ပါ။ အာဆင်နယ်က ကျွန်တော့်ရဲ့နှလုံးသားထဲမှာ အမြဲရှိနေမှာပါ"ဟု အီဒူးက အာဆင်နယ် အသင်းဝက်ဘ်ဆိုက်သို့ နှုတ်ဆက်စကား ပြောကြားခဲ့သည်။