ဒီမိုကရေစီနှင့်ပတ်သက်ပြီး ဒေါ်နယ်ထရန့်အား စွပ်စွဲနေသူများသည် ဒီမိုကရေစီကို ခြိမ်းခြောက်နေသူများဖြစ်ကြောင်း အီလွန်မာ့စ် ပြောကြား

ဒီမိုကရေစီနှင့်ပတ်သက်ပြီး ဒေါ်နယ်ထရန့်အား စွပ်စွဲနေသူများသည် ဒီမိုကရေစီကို ခြိမ်းခြောက်နေသူများဖြစ်ကြောင်း အီလွန်မာ့စ် ပြောကြား
အောက်တိုဘာ ၂၆ ရက်က ပင်ဆယ်ဗေးနီးယားပြည်နယ် လန်ကက်စတာမြို့တွင် ပြုလုပ်သည့် ပွဲအခမ်းအနားတစ်ခုတွင် အမှာစကားပြောကြားနေသည့် Tesla စီအီးအို အီလွန်မာ့စ်ကို တွေ့ရစဉ်(Photo:AFP)
အောက်တိုဘာ ၂၆ ရက်က ပင်ဆယ်ဗေးနီးယားပြည်နယ် လန်ကက်စတာမြို့တွင် ပြုလုပ်သည့် ပွဲအခမ်းအနားတစ်ခုတွင် အမှာစကားပြောကြားနေသည့် Tesla စီအီးအို အီလွန်မာ့စ်ကို တွေ့ရစဉ်(Photo:AFP)
Published 28 October 2024

ထရမ့်သည် ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုဖြစ်သည်ဟု စွပ်စွဲနေသူများသည် ၎င်းတို့ကိုယ်တိုင် ဒီမိုကရေစီကို ခြိမ်းခြောက်နေကြသူများ ဖြစ်သည်ဟု Tesla စီအီးအို အီလွန်မာ့စ်က အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

မာ့စ်သည် အောက်တိုဘာ ၂၆ ရက်က ပင်ဆယ်ဗေးနီးယားပြည်နယ်တွင် ပြုလုပ်ခဲ့သည့် ပွဲအခမ်းအနား တစ်ခုတွင် ဒေါ်နယ်ထရန့်ကို ထောက်ခံကြောင်း ပြောကြားခဲ့ပြီး အမေရိကန်လွှတ်တော် စီးနင်းခံရသည့် ဇန်နဝါရီ ၆ ရက် တိုက်ခိုက်မှုဖြစ်စဉ်ကို လျှော့ချပြောဆိုခဲ့ကာ  ပြိုင်ဆိုင်မှုပြင်းထန်သည့် ပြည်နယ်များတွင် ကြိုတင်မဲများပေးကြရန် ထောက်ခံသူများကို အလေးထားပြောဆိုခဲ့သည်။

လန်ကက်စတာမြို့ရှိ ဟိုတယ်၏ ခန်းမကျယ်တစ်ခုတွင် ပြုလုပ်သည့် ထိုပွဲအခမ်းအနားတွင် မာ့စ်သည် အာကာသ စူးစမ်းလေ့လာရေးမှအစ၊ Tesla ဆိုက်ဘာထရပ်ကားအလယ်၊ လူဝင်မှုနှင့် မူးယစ်ဆေးဝါး ပြဿနာများ အဆုံးအကြောင်းအရာများစွာကို ပြောကြားခဲ့သည်။

ထိုပွဲအခမ်းအနားသည် နိုဝင်ဘာ ၅ ရက် သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်း ကာမလာဟဲရစ် နှင့် ယှဉ်ပြိုင်မည့် ထရန့်ကို ပြိုင်ဆိုင်မှုပြင်းထန်သည့် မဲယိမ်းပြည်နယ်များတွင် ကူညီပေးမည့် ၎င်း၏ အားထုတ်ကြိုးပမ်းမှုများထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ထရန့်ကလည်း သူသည် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့မည်ဆိုပါက မာ့စ်ကို အစိုးရအဖွဲ့အတွင်း နေရာတစ်နေရာပေးမည်ဟု ကတိပြုခဲ့သည်။

နှစ်နာရီနီးပါးကြာ ဆွေးနွေးခဲ့သည့် ထိုပွဲအခမ်းအနားအတွင်း ထရန့်၏ ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်ကကဲ့သို့ လွှတ်တော်ကို စီးနင်းမှုဖြစ်လာနိုင်သည့် အခြေအနေအပေါ် စိုးရိမ်ခြင်း ရှိ၊ မရှိ အမျိုးသားတစ်ဦးက မာ့စ်ကို မေးမြန်းခဲ့သည်။

ဇန်နဝါရီ ၆ ရက် ဖြစ်စဉ်တွင် ထရန့်၏ ထောက်ခံသူများသည် ဆူပူအကြမ်းဖက်မှု အချို့ပြုလုပ်ခဲ့သည်ဟု သတ်မှတ်ခံခဲ့ရသော်လည်း ထိိုသို့သတ်မှတ်ခြင်းသည် မှန်ကန်ခြင်းမရှိကြောင်း မာ့စ်က ဖြေကြားခဲ့သည်။

အောက်တိုဘာ ၂၆ ရက်က ပြုလုပ်သည့် ထိုပွဲအခမ်းအနားကို လွန်ခဲ့သည့် နှစ်နှစ်ခန့် က မာ့စ် ဝယ်ယူခဲ့သည့် X လူမှုမီဒီယာပေါ်မှ စောင့်ကြည့်သူများလည်း ရှိခဲ့သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်က ထရန့်ကို ထောက်ခံသူများက လွှတ်တော်အဆောက်အအုံကို စီးနင်းတိုက်ခိုက်မှုကြောင့် လုံခြုံရေးအရာရှိ ၁၀၀ ကျော်ဒဏ်ရာရခဲ့သည်။

ထရန့်ကမူ ၎င်းအား ထောက်ခံသူများကို အကြမ်းဖက်ခြင်းမပြုရန် အမှန်တကယ်ပြောကြားခဲ့သည်ဟု ဆိုသည်။

သို့သော် ဇန်နဝါရီ ၆ ရက်က ၎င်း၏ ထောက်ခံသူများနှင့်တွေ့ဆုံချိန်က ထရန့်သည် ငြိမ်းချမ်းစွာနှင့် မျိုးချစ်စိတ်ဓာတ်ကို ဖော်ပြသည့်အနေဖြင့် ဆန္ဒပြရန် ပြောကြားခဲ့ပြီး၊ တစ်ချိန်တည်းမှာပင် ဒီမိုကရစ် ဂျိုးဘိုင်ဒင် ကို သမ္မတဖြစ်လာမည့်အရေးမှ တားဆီးရန်  အပြင်းအထန် တိုက်ခိုက်ရန်လည်း အားပေးလှုံ့ဆော်ခဲ့သည်။

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သည့် မာ့စ်သည် ထရန့်၏ ရွေးကောက်ပွဲအတွက် ဒေါ်လာသန်း ၇၀ ကျော် ထောက်ပံ့ပေးခဲ့ပြီး ကြိုတင်မဲပေးသည့် ကာလတွင် ထရန့်ကို မဲပေးကြရန် ပွဲအခမ်းအနားများပြုလုပ်ပြီး မဲ ဆွယ်စည်းရုံးလျက်ရှိသည်။          

Ref:AP

Most Read

Most Recent