သီရိလင်္ကာနိုင်ငံတွင် သမ္မတရွေးကောက်ပွဲကို အေးအေးချမ်းချမ်း ကျင်းပနိုင်ခဲ့သော်လည်း အာဏာပိုင်များက နိုင်ငံတစ်ဝန်း၌ ညမထွက်ရအမိန့် ထုတ်ပြန်

သီရိလင်္ကာနိုင်ငံတွင် သမ္မတရွေးကောက်ပွဲကို အေးအေးချမ်းချမ်း ကျင်းပနိုင်ခဲ့သော်လည်း အာဏာပိုင်များက နိုင်ငံတစ်ဝန်း၌ ညမထွက်ရအမိန့် ထုတ်ပြန်
သီရိလင်္ကာနိုင်ငံ မြို့တော်ကိုလမ်ဘိုရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေပုံကို စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ်(Photo:AFP)
သီရိလင်္ကာနိုင်ငံ မြို့တော်ကိုလမ်ဘိုရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေပုံကို စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ်(Photo:AFP)
Published 22 September 2024

စက်တင်ဘာ ၂၁ ရက်က သီရိလင်္ကာနိုင်ငံ၌ သမ္မတရွေးကောက်ပွဲအား အေးအေးချမ်းချမ်း ကျင်းပနိုင်ခဲ့သော်လည်း နိုင်ငံတစ်ဝန်း၌ အာဏာပိုင်များက ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့သည်။

ထိုရွေးကောက်ပွဲသည် လူကြိုက်မများသော IMF ၏ ချေးငွေအစီအစဉ်အပေါ် လူထုဆန္ဒခံယူပွဲအဖြစ် ရှုမြင်ထားကြသည်။

စက်တင်ဘာ ၂၁ ရက် ရွေးကောက်ပွဲသည် သီရိလင်္ကာ၏ ရွေးကောက်ပွဲသမိုင်းတစ်လျှောက် အေးအေးချမ်းချမ်းအရှိဆုံး ရွေးကောက်ပွဲဖြစ်သည်ဟု သီးခြားလွတ်လပ်သော ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ရှစ်နာရီကြာ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့သည်။       

အာဏာကို ဆက်လက်ထိန်းထားရန် အပြင်းအထန်လုံးပန်းနေရသည့် သမ္မတ ရာနေးလ် ဝစ်ကရီမီဆင်းဟီက ပြည်သူလူထုအား ကာကွယ်ရန်အတွက် ထပ်တိုးအစီအစဉ်အဖြစ် ခရီးသွားလာမှုအပေါ် ပိတ်ပင်ကန့်သတ် မှုများ ချမှတ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အာဏာပိုင်များက ပြည်သူများအား နေအိမ်ထဲတွင်သာ နေထိုင်ကြရန် တိုက်တွန်းခဲ့သည်။ စက်တင်ဘာ ၂၁ ရက် အစောပိုင်းတွင် အစိုးရက စက်တင်ဘာ ၂၃ ရက်အား အများပြည်သူဆိုင်ရာ အထူးအားလပ်ရက်အဖြစ် ကြေညာခဲ့သည်။ ရွေးကောက်ပွဲရလဒ်များအား စက်တင်ဘာ ၂၂ ရက်နှောင်းပိုင်းတွင် ကြေညာမည်ဟု မျှော်လင့်ရသည်။

စက်တင်ဘာ ၂၁ ရက် ရွေးကောက်ပွဲတွင် မဲရုံများကို ကိုးနာရီကြာ ဖွင့်လှစ်ခဲ့ပြီး မဲပေးခွင့်ရှိသူ ၇၅ ရာခိုင်နှုန်းခန့် လာရောက်မဲပေးခဲ့သည်ဟု ကနဦးရရှိသော အချက်အလက်များကို ကိုးကား၍ ရွေးကောက်ပွဲ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

သီရိလင်္ကာတွင် လာရောက်မဲပေးသူ အများဆုံအဖြစ် စံချိန်တင်ခဲ့သည်မှာ ၂၀၁၉ ခုနှစ်ကဖြစ်ကာ မဲပေးခွင့်ရှိသူ ၈၃ ဒသမ ၇၂ ရာခိုင်နှုန်း လာရောက်မဲပေးခဲ့သည်။

လက်ရှိသမ္မတ ဝစ်ကရီမီဆင်းဟီက ယခုရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက်ခံရရန် ကြိုးပမ်းလျက်ရှိကာ တိုင်းပြည်စီးပွားရေးကို တည်ငြိမ်စေကာ စားသောက်ကုန်၊ လောင်စာဆီနှင့် ဆေးဝါးပြတ်လပ်မှုများ လပေါင်းများ စွာ ဖြစ်ပွားခဲ့ခြင်းကို အဆုံးသတ်စေခဲ့သည့် ခြိုးခြံချွေတာရေး အစီအစဉ်များကို ဆက်လက်ဖော်ဆောင်ရန် ရည်မှန်းထားသည်။

သီရိလင်္ကာနိုင်ငံသည် ၂၀၂၂ ခုနှစ်က အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှုနှင့် ကြုံတွေ့ခဲ့ရသည်။

သမ္မတ ဝစ်ကရီမီဆင်းဟီ တာဝန်ယူခဲ့ပြီး နှစ်နှစ်အတွင်း အခြေအနေများ ပြန်လည် တည်ငြိမ်လာခဲ့သည်။ သီရိလင်္ကာတွင် ဖြစ်ပွားခဲ့သည့် လူထုအုံကြွမှုအတွင်း အကြီးအကျယ် ဒေါသထွက်နေသော လူအုပ်ကြီးက သမ္မတအိမ်တော်ဝင်းထဲသို့ စီးနင်းဝင်ရောက်ခဲ့ခြင်းကြောင့် ယခင်သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာသည် နိုင်ငံထဲမှ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

“ကျွန်တော် ဒီနိုင်ငံကို ချွတ်ခြုံကျနေတဲ့ အခြေအနေကနေ ကယ်တင်ပြီးပါပြီ”ဟု အသက် ၇၅ နှစ်အရွယ်ရှိ ဝစ်ကရီမီဆင်းဟီက မဲပေးပြီးနောက်တွင် ပြောကြားခဲ့သည်။

သို့သော် IMF ၏ ဒေါ်လာ ၂ ဒသမ ၉ ဘီလျံ ဘဏ္ဍာရေးကယ်တင်မှု အစီအစဉ်တွင် ပါဝင်သော စည်းကမ်းချက်များအရ အခွန်နှုန်းထား တိုးမြှင့်ခြင်းနှင့် အခြားအစီအမံများကြောင့် သန်းနှင့်ချီသည့် ပြည်သူများအဖို့ ဝင်ငွေထွက်ငွေ အလျဉ်မီနိုင်ရန် ရုန်းကန်ခဲ့ရသည်။

လတ်တလောတွင် မာ့စ်ဝါဒီ နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် အနူရာ ကုမာရ ဒစ်ဆာနာယာကာက ဆန္ဒမဲအများဆုံးရရှိကာ ဦးဆောင်လျက်ရှိသည်။     

Ref:Reuters

Most Read

Most Recent