လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဆင့်သို့ရောက်ရှိပြီး မြန်မာနိုင်ငံသို့ မဝင်ရောက်သဖြင့် အဝါရောင်အဆင့် သတ်မှတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
အောက်တိုဘာ ၂၂ ရက် ၉ နာရီခွဲ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအား နည်းရပ်ဝန်းသည် အနောက်-အနောက် မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့သည်။
၎င်းမှာ ဟိုင်းကြီးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၁၈၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်၊ ဆာဂါကျွန်း၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၄၁၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း မိုးဇလက ထုတ်ပြန်သည်။
အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ အောက်တိုဘာ ၂၃ ရက်တွင် ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့လည်းကောင်း၊ အောက်တိုဘာ ၂၄ ရက်တွင် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ လည်းကောင်း ပိုမိုအားကောင်းလာနိုင်ကြောင်း၊ ထိုမှတစ်ဆင့် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး အောက်တိုဘာ ၂၅ ရက် နံနက်အစောပိုင်းတွင် ဩရိဿပြည်နယ်မြောက်ပိုင်း နှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့ကို ပူရီမြို့နှင့် ဆာဂါကျွန်းတို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။
အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် အောက်တိုဘာ ၂၄ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု မိုးဇလက သတိပေးသည်။
ထို့ပြင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုးဇလက သတိပေးထားသည်။